မုဒုံ အောက်တိုဘာ ၁၁
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် ဆက်သွယ်ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
“ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) သည် ဖွံ့ဖြိုးမှုနည်းပါးသော ကျေးရွာများအတွင်း လိုအပ်သည့်လုပ်ငန်းများကို နိုင်ငံတော်၏ခွင့်ပြုရန်ပုံငွေနှင့် ကျေးရွာပြည်သူများ၏ ပါဝင်မှုဖြင့် ဦးစားပေးလုပ်ငန်းအလိုက် စီမံချက်ရေးဆွဲပြီး ကျေးရွာ၏ ပကတိလိုအပ်သောဖွံ့ဖြိုးရေး အစီအစဉ်များကို ကျေးရွာနေပြည်သူများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးမှုနှင့် ကြီးကြပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးကြောင်း” မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
အဆိုပါလမ်းကို ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် (VDP) စီမံကိန်း ထောက်ပံ့ငွေကျပ် (၁၀) သန်းဖြင့် လမ်းအရှည် (၃၅၆) ပေ၊ အကျယ် (၁၂) ပေ၊ ထု (၆) လက်မ ကွန်ကရစ် လမ်းခင်းခြင်းကို ဆောင်ရွက်ပြီးစီးပြီးဖြစ်၍ ကျေးရွာအတွင်းရှိ အိမ်ခြေ ၁၇၅ အိမ်၊ လူဦးရေ ၁၀၀၉ ဦးခန့်နှင့်အနီးဝန်းကျင် ကျေးရွာများမှ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)