တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် ပဲမြစ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

တံတားဦး အောက်တိုဘာ ၁၁

တံတားဦးခရိုင် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာမှ တောင်သူအများစုသည် စိုက်ပျိုးရေးဆိုင်ရာတွင် မိုးရေ၊ မြေအောက်ရေတို့နှင့်စိုက်ပျိုးလုပ်ကိုင်ရသောကြောင့် မိုးရာသီတွင် ပဲမြစ်ကို အဓိကထား စိုက်ပျိုးကြပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပဲမြစ်စိုက်ပျိုးမည်ဆိုပါက မြေကိုကောင်းမွန်စွာပြုပြင်ထားရပြီး စိုက်ပျိုးမည့်မျိုးရွေးချယ်မှု အရေးကြီးကြောင်း မျိုးရွေးချယ်မှုမှန်ကန်မှသာ ပဲမြစ်အထွက်နှုန်းကောင်း၍ ရောင်းချရာတွင် ဝယ်ယူသူများပြားကြောင်းနှင့် တစ်ဧကစိုက်ပျိုးမည်ဆိုပါက မျိုးစေ့တစ်တင်း အသုံးပြုရကြောင်း  ပဲမြစ်စိုက်ပျိုးစရိတ် ကုန်ကျမှုအနေဖြင့် တစ်ဧလျှင် ငွေကျပ်(၅)သိန်းမှ(၇)သိန်းကျပ် ကုန်ကျကြောင်း တောင်သူဦးညိုလုံးထံမှသိရသည်။

ပဲမြစ်သီးနှံကို စိုက်ပျိုးသည့်ရက်မှ (၅)လအထိ ကြာမြင့်ကြောင်း မျိုးရွေးချယ်မှုမှန်ကန်ပြီးထွန်ရေး၊ ထယ်ရေးနှင့် အပင်ပြုစုကောင်းမွန်ပါက တစ်ဧကကို ပဲမြစ်ပိဿာချိန် (၉၀၀)မှ (၁၀၀၀)ထိထွက်ရှိပြီး တစ်ပိဿာလျှင် ရောင်းရငွေကျပ်(၁၀၀၀)မှ(၁၅၀၀)ကျပ်ထိ ရောင်းချရ သဖြင့် ပဲမြစ်စိုက်ပျိုးသည့် တောင်သူများ အကျိုးအမြတ်များသည့်  သီးနှံတစ်မျိုးဖြစ်ကြောင်း ပဲမြစ်သည် ပြည်သူများပြုတ်၍ စားသုံးကြပြီး အရိုးနှင့် အရွက်ကို နွားစာအဖြစ်အသုံးပြုကြောင်း တောင်သူများထံမှသိရသည်။

 တံတားဦးမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ခုနှစ် မိုးသီးနှံ အခြားစားသုံးမှုအဖြစ် ပဲမြစ်စိုက်ပျိုးရန် ၂၄၉၀ ဧက လျာထားရာ စိုက်ပျိုးမှုအားလုံး အောင်မြစ်ပြီးစီးစွာ စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရဲတင့်(ပြန်/ဆက်)