မိုင်းကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ရှမ်းရိုးရာယဉ်ကျေးမှုအကြောင်းဆွေးနွေးပွဲနှင့် ရှမ်းသိုင်းအက သရုပ်ပြပွဲကျင်းပ

မိုင်းကိုင် အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့မနက် ၉ နာရီက  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းတို့ ပူးပေါင်း၍  ရှမ်းရိုးရာယဉ်ကျေးမှုအကြောင်း ဆွေးနွေးပွဲနှင့် ရှမ်းသိုင်းအက သရုပ်ပြပွဲကို  ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်လုပ်သားပြည်သူများ၊ ဖောင်းမိန်းကျေးရွာ ကျေးလက်နေပြည်သူများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ  ဒေါ်နန်းလှိုင်လှိုင်ဦးက  ရှမ်းရိုးရာယဉ်ကျေးမှုသမိုင်းကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ကြိုးပမ်းမှုတွင်  ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များ  ပါဝင်ကြိုးပမ်းခဲ့သည့် သမိုင်းများကိုလည်းကောင်း၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဦးစိုင်းဌေးအောင်ကျော်က သျှမ်းစာပေသမိုင်းနှင့် သျှမ်းလူမျိုးများ အသုံးပြုခဲ့သည့် သျှမ်းစာပေ အဆင့်ဆင့်ပြောင်းလဲခဲ့ပုံ အကြောင်းကိုလည်းကောင်း၊ ဦးစိုင်းဘိုက  ရှမ်းတိုင်းရင်းသားရိုးရာ သိုင်းနှင့်ရိုးရာအသုံးအဆောင်  ပစ္စည်းများသည် လယ်ယာလုပ်ငန်းခွင် အတွက်သာမက  မိမိကိုယ်ကိုအန္တရာယ်မှ လွတ်မြောက်နိုင်စေရန် ခုခံကာကွယ်နိုင်သည့် ပစ္စည်းများအဖြစ် ရှေးလူကြီးများက စီမံဆောင်ရွက်ထားပုံအကြောင်း၊ ဖောင်းမိန်းကျေးရွာ  မိဘပြည်သူ  ဦးလုံးဆမ်၊ ဒေါ်နန်းခေါင်၊ ဒေါ်နန်းလူ တို့က  ရှမ်းပဲပုတ်ပြုလုပ်နည်း၊ ဖရုံညွှန့်ဟင်းချိုနှင့် ရှမ်းငရုတ်သီးသံပုရာထောင်းချက်နည်းများ၊ ရှမ်းတိုင်းရင်းသား ရိုးရာအစားအစာများသည် အာဟာရအတွက်သာမက ဆေးဖက်ဝင်စေရန်  စီမံချက်ပြုတ်ထားမှု စနစ်များကိုလည်းကောင်း  ဆွေးနွေးခဲ့ကြရာ တက်ရောက် လာသူများက  မိမိတို့၏လေ့လာသိရှိထားသည့် ဗဟုသုတများကို  အသီးသီးပြန်လည်မျှဝေဆွေးနွေးခဲ့ကြသည်။

ထို့နောက်  ဆင်ခြေဖုန်းအရှေ့ကျေးရွာအုပ်စု၊ ဖောင်းမိန်းကျေးရွာ၊ အ.မ.က(ဖောင်းမိန်း)မှ ကျောင်းသားကျောင်းသူများက ဆွေးနွေးပွဲတက်ရောက်လာကြသော ဧည့်သည်တော်များအား လူထုအခြေပြုဗဟိုဌာန၏ အနောက်ဘက်  ကျောင်းခမ်းရေကန် အနီးကွင်းပြင်၌   ရှမ်းသိုင်းရင်း သားရိုးရာကိုယ်ခံပညာသိုင်း အကများဖြစ်သော လက်သိုင်း၊ တုတ်သိုင်း၊ ဓားသိုင်းနှင့် နံချပ်ကူသိုင်း ကကွက်များကို  သရုပ်ပြ တင်ဆက်ကာ  အသိပညာ ဗဟုသုတတိုးပွားရေး၊ ရှမ်းရိုးရာယဉ်ကျေးမှု မပပျောက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရေး  ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)