မိုင်းယုမြို့၌ သံဃာတော်အား ဆွမ်း/ဆန်စိမ်း လောင်းလှူ

မိုင်းယု အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့အတွင်း သီတင်းကျွတ်လဆုတ်(၂)၊ ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ ဝပ်လုံကြွမ်တောင်းကျောင်းတိုက်အတွင်း၌ မြို့လုံးကျွတ်ဆွမ်း၊ ဆန်စိမ်းလောင်းလှူခဲ့ကြသည်။

အဆိုပါ ဆွမ်းလောင်းပွဲတော်ကို  မြို့ပေါ်နှင့် ရပ်ကွက်/ကျေးရွာများမှ သံဃာတော်နှင့် ရှင်သာမဏေများ စုစုပေါင်း (၁၅၂)ပါးတို့အား ပင့်ဖိတ်ကာ ယင်းကျောင်းတိုက်မှတဆင့် မြို့ပတ်လမ်း တစ်လျှောက်လှည့်လည်ကြွမြန်းကြပြီး မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် ဌာနဆိုင်ရာများ၊ အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်းမှ ဗိုလ်ကြီး ဇွဲနောင်၊ နယ်မြေခံစခန်းမှူးနှင့် တပ်ဖွဲ့ဝင်မိသားစုများ၊ ဒေသခံတိုင်းရင်းသား အလှူရှင်ပြည်သူများက လှူဖွယ်ဝတ္ထုနှင့် ပစ္စည်းများအား စုပေါင်းလောင်းလှူခဲ့ကြသည်။

ဆွမ်း၊ ဆန်စိမ်းလောင်းလှူမှုအပြီးတွင် ယင်းကျောင်းတိုက်အတွင်း၌ အဆိုပါကျောင်းတိုက် ဆရာတော် ဦးတိတ္တပညောနှင့်အတူ သံဃာတော်အရှင်သူမြတ်များ၊ ရှင်သာမဏေများနှင့်တကွ အလှူရှင်ဒါယိကာ/မများက  ဆရာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ တရားတော်များနာယူကြခြင်းနှင့် ရေစက်သွန်းချ အမျှဝေခြင်းတို့ ပြုလုပ်ခဲ့ကြပြီး ဧည့်သည်တော်တို့အား ဧည်ခံကျွေးမွေးခဲ့ကြကြောင်းနှင့် ညပိုင်းတွင် ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကပြခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)