နောင်ချို အောက်တိုဘာ ၁၁
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ မြန်မာ့ရိုးရာအစဉ်အလာမပျက် ဆီမီးလှည့်လည်၍ ဆရာကန်တော့ခြင်းကို ယမန်နေ့ ညချမ်းအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့လှည့်လည်ပူဇော်ရာတွင် ဟော်တော်ကျောင်း၏ ဂေါစရဂါမ် တပည့်ဒါယိကာ၊ ဒါယိကာမများမှ ဟော်တော်ကျောင်းဆရာတော်၊ စိန်ရတနာပရိယတ္တိ ဆရာတော်၊ ညောင်ကုန်းကျောင်းဆရာတော် အရှင်မြတ်တို့အား မြို့ပေါ်အတွင်း ဆီမီးလှည့်လည်၍ ဆရာကန်တော့ခြင်းကို ရိုးရာမပျက် ပူဇော်ခဲ့ကြသည်။
နောင်ချိုမြို့နယ်အနေဖြင့် သီတင်းကျွတ်အခါသမယ၌ ဗုဒ္ဓဘာသာထုံးတမ်းအစဉ်လာအရ ရပ်ကွက်အသီးသီး၌ လပြည့်နေ့များတွင် အဘိဓမ္မာအခါတော်နေ့ ကျူးရင့်သံများဖြင့် ဝတ်ရွတ်အသင်းများနှင့်ရွတ်ဆိုပူဇော်ခြင်း၊ လပြည့်ကျော်(၁)ရက်နေ့ (၂)ရက်နေ့များတွင် ရပ်ကွက်အလိုက် မိမိတို့၏ ဘုန်းတော်ကြီးကျောင်းများသို့ ဆီမီးလှည့်လည်ပူဇော်၍ ဆရာကန်တော့ခြင်းတို့ဖြင့် မြန်မာတို့၏ ချစ်စရာဓလေ့ထုံးတမ်းများကို မပျောက်မပျက်စေရန် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွေးငယ်(ပြန်/ဆက်)