ကျောက်ဆည် အောက်တိုဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၄၀၀)ဧက ရေပြည့်ဝစွာပေးနိုင်ရေး ကွမ်းဆေးမြောင်းမှ ပျက်စီးနေသည့် ရေပြွန်(၆)လုံးအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သံကူကွန်ကရစ်ရေပေးပြွန်များဖြင့် အစားထိုး ပြန်လည်ပြုပြင်ပေး ခဲ့သဖြင့် စိုက်ပျိုးရေများပြည့်ဝစွာ ပေးဝေနိုင်ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါပျက်စီးနေသည့်ရေပေးပြွန်များမှာ လက်ပန်ပင်ကျေးရွာအနီးရှိ ပေတိုင်အမှတ်(၂၃+၂၅၀)မှ (၃၂+၇၃၆)အတွင်းရှိ ရေပေးပြွန်များဖြစ်ကြောင်းနှင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး အရှည်(၁၂)ပေ အကျယ်(၉)လက်မ သံကူကွန် ကရစ် ရေပြွန်(၄)လုံး၊ အကျယ် (၈)လက်မ၊ သံကူကွန်ကရစ် ရေပြွန်(၁)လုံး၊ အကျယ်(၆)လက်မ သံကူကွန်ကရစ် ရေပြွန်(၁)လုံး စုစု ပေါင်းရေပြွန်(၆)လုံးနှင့် အစားထိုးပြုပြင်ပေးခဲ့ပြီး ရေပြွန်များ ရေရှည်ခိုင်မာရေးအတွက် ရေပြွန်ထိပ် နဖူးစည်းများတွင် ကျောက်သားနံရံ စီခြင်းနှင့် စိုက်ပျိုးရေများ လိုအပ်သလို ထိန်းညှိပေးနိုင်ရေး ရေထိန်း တံခါးများပါ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ရေပေးပြွန်များအစားထိုး ပြန်လည်ပြုပြင်ပေးခြင်းကြောင့် ကွမ်းဆေးမြောင်းမှ သီးနှံမျိုးစုံ (၄၀၀)ဧကအတွက် စိုက်ပျိုးရေများပေးဝေရာတွင် ရေအလေအလွင့်ဆုံးရှုံးမှုနည်းပါးစွာဖြင့် စိုက်ပျိုးသီးနှံများအောင်မြင်သည်အထိ လိုအပ်သည့် ရေပမာဏပြည်ဝစွာ ပေးဝေနိုင်ပြီဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)