နေပြည်တော် အောက်တိုဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ (၁၀၂) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီလှည့်လည်အပူဇော်ခံပွဲကို အောက်တိုဘာ ၁၀ ရက် (သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့) ညနေ ၃ နာရီမှစတင်၍ ပျဉ်းမနားမြို့၊ တပ်တွင်း ဓမ္မာရုံရှေ့၌ ကျင်းပသည်။
(၁၀၂)ကြိမ်မြောက် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီလှည့်လည်အပူဇော်ခံပွဲအတွက် ဘုရားများပင့်ဆောင်လာသော ကားများစုစည်း၍ ပျဉ်းမနားမြို့အတွင်းသို့ ဒေသစာရီကြွချီ လှည့်လည်အပူဇော်ခံရာ မြို့နယ်အတွင်းရှိ ပြည်သူများနှင့်ဧည့်သည်များမှ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံသာတိုင်များနှင့် အလှူငွေများလှူဒါန်းကြသည့်အပြင် အလှူရှင်များက နှစ်ကျိပ်ရှစ်ဆူဘုရား အပူဇော်ခံလှည့်လည်ရာတွင် လိုက်ပါလာကြသူများအား အချိုရေဘူး၊ ရေသန့်နှင့် မုန့်အမျိုးမျိုးတို့ဖြင့် အာဟာရဒါနပြု ဧည့်ခံကျွေးမွေးကြသည်။
ပျဉ်းမနားမြို့အနေနဲ့ ခုလိုသီတင်းကျွတ်အခါသမယမှာ ဗုဒ္ဓရုပ်ပွားဆင်တုတော်တွေ မြို့တွင်းလှည့်လည် အပူဇော်ခံတာ ယခုဆို(၁၀၂) ကြိမ် ပြည့်မြောက်ခဲ့ပါပြီ အလွန်ပင်မင်္ဂလာအပေါင်းနှင့် ပြည့်စုံလှတဲ့အပြင် မြို့နယ်အတွက်လဲ ကျက်သရေရှိသလို ကောင်းမွန်တဲ့အစဉ်အလာဖြစ်တာကြောင့် လူငယ်တွေက လက်ဆင့်ကမ်းထိန်းသိမ်းဖို့လိုပါတယ်ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။
နှစ်ကျိပ်ရှစ်ဆူဘုရားများ လှည့်လည်ပူဇော်ပွဲကို မြို့နယ်အတွင်းရှိ ဝတ်ဖြူတော်အသင်းများ လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များမှ ပူပေါင်းပါဝင်၍ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီလှည့်လည် ပူဇော်ပွဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)