မြစ်ကြီးနား အောက်တိုဘာ ၁၀
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင် ပြည်နယ်လက်ရွေးစင်ဘောလုံးအသင်းအား အောက်တိုဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက မြစ်ကြီးနားလေဆိပ်၌ လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော်သို့ သွားရောက် ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်းနည်းပြ၊ အုပ်ချုပ်သူ များနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲတွင် အကောင်းဆုံးနှင့် အသန့်ရှင်းဆုံးဖြစ်အောင် ယှဉ်ပြိုင်ကစားကြရေး၊ ကြိုးစားယှဉ်ပြိုင်ကြရန်နှင့် အောင်ပွဲကိုရရှိပြီး ပြည်နယ်၏ ဂုဏ်ကိုဆောင်နိုင်ခဲ့သည့် အားကစား သမားကောင်းများ ဖြစ်အောင် ကြိုးစားကြရေးနှင့် ကျန်းမာရေး အထူးဂရုစိုက်ကြရေး အားပေးပြောကြားသည်။
ထို့နောက် နောင်ရာမိသားစု ကုမ္ပဏီလီမိတက်၊ ပြည်နယ် ဖူဆယ်ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဂျပ်မွန်းအောင်က ကစားသမားများနှင့် နည်းပြ အုပ်ချုပ်သူများအား ထောက်ပံ့ငွေကျပ် ၁၃ သိန်းကို ထောက်ပံ့ပေးအပ် ခဲ့သည်။
ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနား လေဆိပ်ဝင်းအတွင်း၌ စည်ပင် သာယာရေးအဖွဲ့မှ မြေယာပြုပြင်ပြီး မြက်စိုက်ခြင်း၊ အရိပ်ရ အပင်များနှင့် ပန်းအလှပင်များ စိုက်ပျိုး ထားရှိမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် အောက်တိုဘာ ၉ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်း အတွင်း၌ အောက်တိုဘာ ၆ ရက်မှ စတင်ကျင်းပ ပြုလုပ်လျက် ရှိသည့် ကချင်ပြည်နယ် အမျိုးသမီး အားကစားအဖွဲ့ ဆပ်ကော်မတီနာယက ဖလား ခရိုင်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ယှဉ်ပြိုင် ကစားနေမှုကို အောက်တိုဘာ ၉ ရက် ညနေပိုင်းက ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အမျိုးသမီး အားကစားအဖွဲ့ ဆပ်ကော်မတီ နာယက၊ အဖွဲ့ဝင်များ၊ ဒေသခံများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် မြစ်ကြီးနား ခရိုင်အသင်းနှင့် ပူတာအိုခရိုင်အသင်း၊ မိုးညှင်း ခရိုင်အသင်းနှင့် ဗန်းမော်ခရိုင် အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ပူတာအိုခရိုင် အသင်းက မြစ်ကြီးနား ခရိုင်အသင်းအား ၅ ဂိုး ၂ ဂိုးဖြင့် လည်းကောင်း၊ ဗန်းမော်ခရိုင် အသင်းက မိုးညှင်းခရိုင် အသင်းအား ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ကြရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတို့က ပြည်နယ်အစိုးရ အဖွဲ့ကိုယ်စား ပြိုင်ပွဲဝင် အသင်းများအား ထောက်ပံ့ငွေများကို ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပြည်နယ် ပြန်/ဆက်