ကချင်ပြည်နယ်ဝန်ကြီးချုပ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) မြစ်ကြီးနားမြို့ပေါ်ရှိ ဘုရားစေတီပုထိုးများနှင့် မီးထွန်းပွဲတော်တို့တွင် ကုသိုလ်ကောင်းမှုပြုသူများ၊ လာရောက်လည်ပတ်အပန်းဖြေသူများအား စတုဒီသာဖြင့် ကုသိုလ်ပြု

မြစ်ကြီးနား စက်တင်ဘာ ၁၀

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါနေ့)တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုသူများ၊ ပြည်သူ့ရင်ပြင်အတွင်းရှိ မီးထွန်းပွဲတော်သို့ လာရောက်လည်ပတ်အပန်းဖြေသူများဖြင့် စည်းကားလျက်ရှိရာ ယမန်နေ့ ည ၆ နာရီမှ စတင်၍ အဆိုပါ လူစည်ကားရာနေရာများတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ဌာနဆိုင်ရာများနှင့်အတူ စတုဒီသာဖြင့် ကုသိုလ်ပြုကျွေးမွေးခဲ့ကြသည်။

ထို့သို့ သီတင်းကျွတ်လပြည့်နေ့တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့် စည်ကားရာနေရာများသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ သီတာရပ်ကွက် ရှေးဟောင်းသမိုင်းဝင်စေတီဖြစ်သည့် ဆုတောင်းပြည့်စေတီတော်ပုရဝုဏ်အတွင်း ဆိုင်ခန်းငယ်များ ဖွင့်လှစ်ရောင်းချနေမှု၊ ဆုတောင်းပြည့်စေတီတော်၊ ရပ်တော်မူ၊ လျောင်းတော်မူဘုရားတို့တွင် ဆီးမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်မှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စတုဒီသာအဖြစ် ကြာဇံကြော်ထုပ်များ ဝေငှ၍ ကုသိုလ်ကောင်းမှု ပြုခဲ့ကြသည်။

ထို့မှတစ်ဆင့် မြစ်ကြီးနားမြို့၌ အံတော်ရှင်စေတီတော်သို့ သွားရောက်ပြီး ဆီမီးတစ်ထောင် ကပ်လှူပူဇော်ထားရှိမှု၊ ဘုရားဖူးကုသိုလ်ကောင်းမှုပြုသူများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သာကူကျိုဖြင့် ဧည့်ခံကျွေးမွေးမှုကို ပြည်သူများနှင့်အတူတကွ အားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက် ဧရာဝတီမြစ်ကမ်းဘေးရှိ ပြည်သူ့ရင်ပြင်၌ သီတင်းကျွတ်မီးထွန်းပွဲတော်သို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့်အတူတကွ ပါဝင်ဆင်နွှဲခဲ့ကြကာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ ကုသိုလ်ဖြစ် စတုဒီသာ ဧည့်ခံကျွေးမွေးမှုကို ပြည်သူများအား စတုဒီသာများ ဝေငှကျွေးမွေးခဲ့ကြသည်။

အလားတူ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ရှိ ဘုရားကျောင်း၊ ကန်၊ စေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများ၊ လာရောက်လည်ပတ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်