သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် အထူးပင်စည်ကား

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် အထူးပင်စည်ကား

တာမွေ အောက်တိုဘာ ၁၀

ယနေ့တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ် သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ယမန်နေ့နံနက်ပိုင်းအချိန်မှစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်သူများ၊ စတုဒီသာ ကျွေးမွေးလှူဒါန်းကြသူများနှင့် အနယ်နယ်/ အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။ (ပုံ-ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ခြောက်ထပ်ကြီးရွှေသာလျောင်းဘုရားကြီးနှင့် မဟာဇေယျအတုလမာရဇိန် ကြေးသွန်ဘုရားကြီးတို့တွင် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ၌ ဘုရားဖူးလာပြည်သူများဖြင့် အထူးပင်စည်ကားနေစဉ်)

“သီတင်းကျွတ်လပြည့်နေ့ဟာ ကျွန်မတို့ဗုဒ္ဓဘာသာဝင်တွေအတွက် တစ်ခြားသော နေ့ထူးနေ့မြတ်တွေ ထက် ပိုပြီးထူးခြားလှတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂေါတမမြတ်စွာဘုရားရှင်ဟာ သဗ္ဗညုတဉာဏ်တော်ရှင် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် တာဝတိံသာနတ်ပြည်၌ အရင်ဘဝက မိခင်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကို အမှူးထား၍ လောကဓာတ်တစ်သောင်းမှ ရောက်လာကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားကို ဟောပြောမူပြီး လူ့ပြည်သို့ ဆင်းသက်ရာဝယ် ဗုဒ္ဓ ဓဘာသာဝင် ပြည်သူအပေါင်းတို့က ဆီမီးတန်ဆောင်ညှိထောင်ထွန်းလင်းပူဇော်ခြင်းကို ယနေ့ထက်တိုင် ကျင်းပလျက်ရှိတဲ့ နေ့ထူးနေ့မြတ်လည်းဖြစ်ပါတယ်။ အဲဒါကြောင့် ဒီနေ့လို ထူးခြားလှတဲ့ သီတင်းကျွတ်လပြည့်နေ့မှာ အလုပ်ကလည်း ပိတ်ထားတော့ ဘုရားမှာ ကုသိုလ်ကောင်းမှုတွေပြုလုပ်မယ်။ ပြီးရင် လူကြီးမိဘတွေကို ရှိခိုးကန်တော့ရင်းနဲ့ ဒီတစ်နေ့တာကို ဖြတ်သန်းချင်ပါတယ် ” ဟု တိုက်ကြီးမြို့နယ်မှ ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရားကြီးသို့ လာရောက်ဖူးမြော်ကုသိုလ်ယူသူတစ်ဦးက ဆိုသည်။

သီတင်းကျွတ်လပြည့်နေ့တွင် ‌ဗုဒ္ဓမြတ်စွာဘုရားရှင်သည် စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အဘိဓမ္မာတရားတော်ကို အကျဉ်းနည်းဖြင့် ဟောကြားပြီးဆုံးသည့် နေ့လည်းဖြစ်သလို အရှင်သာရိပုတ္တရာက တပည့်ငါးရာတို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် အဘိဓမ္မာတရား သင်ကြားပို့ချမှု ပြီးဆုံးသည့် နေ့လည်းဖြစ်သည့်အတွက် အဆိုပါ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့အဖြစ် အစဉ်အဆက် ကျင်းပခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများအား အများပြည်သူ ဖူး‌မြော်ကြည်ညို နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနေ၊ တနင်္ဂနွေနေ့နှင့် နေ့ထူးနေ့မြတ် အစိုးရရုံးပိတ်ရက်များ၌ နေ့စဉ်နံနက်(၅)နာရီမှ ည(၈)နာရီခွဲ အချိန်အထိ ဖွင့်လှစ်ပေးထားပြီး မည်သူမဆို စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်၍ ကုသိုလ်ယူနိုင်ကြောင်း သတင်းရသည်။

နိုင်လင်းအောင် (ပြန်/ ဆက်)