စစ်တွေ အောက်တိုဘာ ၁၀
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ၊ လူစည်ကားရာနေရာများနှင့် ဈေးများတွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ Mask Campaign ဆောင်ရွက်ရာသို့ စစ်တွေခရိုင်နှင့် စစ်တွေမြို့နယ်တို့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပူးပေါင်း၍ နေအိမ်ပြင်ပသို့ သွားလာကြသည့် ခရီးသွားပြည်သူများနှင့် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်ပေးထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက် များနှင့်အညီ ကျန်းမာရေးအသိဖြင့် စည်းကမ်းရှိစွာ နေထိုင်သွားလာစေရေး အသိပညာပေးကာ ပြည်သူများ လက်ဝယ်သို့ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များဖြန့်ဝေရာတွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များသည် စစ်တွေမြို့၊ စည်ပင်သာယာမြို့မစျေး၊ မြို့လယ်ချောင်းတံတားထိပ်၊ လောကာနန္နာဘုရားရှေ့၊ ဦးဥတ္တမပန်းခြံရှေ့၊ စက်ရုံ စုရပ်ကွက်ဈေးရှေ့၊ ရွှေပြားရပ်ကွက်ဈေးရှေ့၊ အတုလမာရဇိန်ပြည်လုံး ချမ်းသာဘုရား ကြီးရှေ့၊ မင်းဂံ ရပ်ကွက်ဈေးရှေ့နှင့် ဝေသာလီဘောလုံးကွင်းရှေ့ ရန်ကုန်-စစ်တွေကားလမ်းမကြီး တစ်လျှောက်တို့တွင် လမ်းသွားလမ်းလာပြည်သူများ၊ ခရီးသွားပြည်သူများ၊ ပြည်သူများကို ဝန်ဆောင်မှုပေးနေကြသော ယာဉ်မောင်းများ၊ ဈေးရောင်း၊ ဈေးဝယ်များကို ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ၂၅၀၀ ကျော်အား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)