သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ကျော်လေးဆူသမိုင်းဝင် ရွှေယင်မျှော်စေတီတော်၌ အစဉ်အလာမပြတ် ဆီမီး၊ ပန်း၊ နံ့သာ ပူဇော်ပွဲပြုလုပ်                                                           

သာစည် အောက်တိုဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ရွာကြီးကျေးရွာအနီးရှိ ကျော်လေးဆူသမိုင်းဝင် ရွှေယင်မျှော်စေတီတော်၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ယမန်နေ့နံနက်ပိုင်းမှစ၍ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားပြီး အစဉ်အလာမပြတ် ဆီမီး၊ ပန်း၊ နံ့သာပူဇော်ပွဲကို ပြုလုပ်ကြောင်းသိရသည်။

“မနက်ပိုင်းမှာတော့ ဘုရာကြီးရဲ့ရင်ပြင်ရှိဓမ္မသာလဗိမာန်မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဆွမ်းချတရားကို ကျွန်တော်တို့ ရွာကြီးကျေးရွာက ရွာသူရွာသားတွေနဲ့ ဘုရားဖူးလာသူတွေ စုပေါင်းနာယူကြပါတယ်   အဲ့အချိန်ကစပြီး ရပ်နီးရပ်ဝေးက ဘုရားဖူးလာသူတွေ ဆီမီးရေချမ်း ပန်းဆပ်ကပ်သူတွေ တရားဘာဝနာပွားများသူတွေ ဘုရားကန်မှာ ငါးစာကျွေး ကုသိုလ်ကောင်းမှု ပြုသူတွေနဲ့ ညပိုင်းအထိ မပြတ်ရှိပါတယ် ညပိုင်းမှာတော့ ကျွန်တော်တို့ ကျေးရွာတွင်းက လူငယ်မောင်မယ်တွေက ဘုရားကြီးမှာ ဆီးမီးတစ်ထောင်၊ ပန်းတစ်ထောင်နဲ့ နံ့သာတစ်ထောင် ဆပ်ကပ်ပူဇော် ကုသိုလ်ယူခြင်းကို အစဉ်အလာမပြတ် ကုသိုလ်ယူပြုလုပ်ကြောင်း” ဦးစီးဦးဆောင်ပြုလုပ်နေသူ လူငယ်တစ်ဦးက ပြောသည်။

ကျော်လေးဆူသမိုင်းဝင် ရွှေယင်မျှော်စေတီတော်၌ အခါကြီးရက်ကြီးများတွင် ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာသူများဖြင့် စည်ကားလေ့ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)