နောင်ချိုမြို့ သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်းပိုင် နိဗ္ဗာန်ယာဉ်ဝယ်ယူရန် အလှူငွေများလှူဒါန်း

နောင်ချို အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေး အသင်းပိုင် နိဗ္ဗာန်ယာဉ် ဝယ်ယူရန်အတွက် အလှူရှင်များမှ ယနေ့နံနက်ပိုင်းက အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။

ထိုသို့ လှူဒါန်းရာတွင် နှစ်ဖက်မိဘများအား အမှူးထား၍ ဦးမျိုးဇော်+ဒေါ်နန်းသန္တာမြင့်တို့က အလှူငွေ ၁၀၀၀၀၀/- ဦးသန်းနိုင်+ဒေါ်ဇင်မာထွန်းတို့ အလှူငွေ ၃၀၀၀၀/- စသည်ဖြင့် လှူဒါန်းခဲ့ပြီး ယခင်ရက်များတွင်လည်း အလှူရှင်အသီးသီးတို့က လှူဒါန်းခဲ့ကြရာ သဖန်းကိုင်း ပရဟိတ ဆရာတော်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်းကို ဆရာတော်၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး အသင်းအနေဖြင့် မြို့နယ်၏ သာရေး၊ နာရေး၊ လူမှုရေးကိစ္စများကို ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် အာယုဒါန (အခမဲ့) ဆေးခန်းကိုလည်း ဖွင့်လှစ်ထားရှိကာ လူမျိုးဘာသာမရွေး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့်  အအေး ခေါင်းဝယ်ယူပြီး ပိုငွေကျပ်သိန်း (၂၀) ဖြင့် မတည်ကာ စုပေါင်းအလှူရှင်များဖြင့် နိဗ္ဗာန်ယာဉ် ဝယ်ယူသွားမည်ဖြစ်ကြောင်း   သဖန်းကိုင်း ပရဟိတဆရာတော်ထံမှ သိရသည်။

ထွေးငယ်(ပြန်/ဆက်)