သီတင်းကျွတ်လပြည့်(အဘိဓမ္မာ)နေ့ ဆီမီးတစ်ထောင် ပန်းတစ်ထောင် ပူဇော်ပွဲအစဉ်လာမပျက် ကျင်းပ

ဝမ်းတွင်း အောက်တိုဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာ) နေ့ ဆီမီးတစ်ထောင်ပန်းတစ်ထောင် ပူဇော်ခြင်းကို မြတ်ညီနောင်စေတီတော်ရင်ပြင်ပေါ်တွင် စည်ကားသိုက်မြိုက်စွာဖြင့် ထွန်းညှိပူဇော်ခဲ့ကြသည်။

သီတင်းကျွတ်မီးထွန်းပွဲတော်သည် မြတ်စွာဘုရားတာဝတိံသာနတ်ပြည်မှာ နိမ္မိတရုပ်ပွား တော်ကိုယ်စားထားခဲ့ပြီး အဘိဓမ္မာတရားတော်အကျယ်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူပြီး တရားစစ်သူကြီး ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကို စန္ဒကူးတော အဘိဓမ္မာတရားတော် အကျဉ်းချုပ်ကို တချိန်တည်းမှာ ဟောကြား သင်ပြတော်မူခဲ့သည်။

ထို့နောက် သီတင်းကျွတ်လပြည့်နေ့တွင် လူ့ပြည်သို့ပြန်ဆင်းခဲ့သည့် အထိမ်းအမှတ်အဖြစ် သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့အဖြစ် သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်။ အရှင်သာရိပုတ္တရာကတပည့်ငါးရာတို့အား အဘိဓမ္မာဒေသနာကို မကျဉ်းမကျယ် အလယ်အလတ်ဟောကြား ပြီးဆုံးသောနေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့ ပင်ဖြစ်သည်။ ထို့အပြင် ဘုရားရှင်သည် တာဝတိံသာပြည်မဏ္ဍုကမ္ဗလာမြ ကျောက်ဖျာ၌ မယ်တော်ဟောင်းသန္တုသိတအမှူးရှိသော နတ်ဗြဟ္မာတို့အား ဝါတွင်းသုံးလ နေ့ညမစဲ အဘိဓမ္မာတရားကို ဟောကြားတော်မူရာ သီတင်းကျွတ်လပြည့်နေ့၌ ပြီးဆုံးလေသည်။ အဘိဓမ္မာတရားသည် အမိကျေးဇူးဆပ်တရားဖြစ်ခြင်း၊ နတ်ပြည်၌ဟောကြားခြင်း၊ သုံးလကြာမျှဟောရခြင်း၊ ပကတိဘုရားနှင့်နိမ္မိတဘုရားတို့ တစ်လှည့်စီဟောကြားခြင်းဟု ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံသောတရားဖြစ်သည်။ မြန်မာနိုင်ငံတွင် သီးတင်းကျွတ် လပြည့်နေ့ ရောက်တိုင်းပဝါရဏာပွဲနှင့် မီးမြင်းမိုရ်ပွဲဟူ၍ ပွဲတော်များကို ကျင်းပကြသည်။

သီတင်းကျွတ် လပြည့်နေ့ညနေ၌ နတ်ပြည်မှ လူ့ပြည်ကိုဆင်းအလာ လပြည့်ဝန်းနဲ့အတူ ကောင်းကင်မှာ တင့်တယ်စွာဖူးမြင်ရသည့် မြတ်စွာဘုရားကို နတ်လူအများက ပူဇော်သည့် အနေဖြင့် ဆီမီးများ၊ အိမ်၊ ကျောင်း၊ တန်ဆောင်းများမှာ ဆီမီး၊ မီးပုံးများ ထွန်းညှိ ပူဇော်ကြသလို ဘုရားစေတီများမှာလဲ ပွဲတော်များ ပြုလုပ်ပြီးနှစ်စဉ် စည်ကားသိုက်မိုက်စွာ ကျင်းပခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါသည်။

ထိုကဲ့သို့ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ)အခါတော်နေ့တွင် ဗုဒ္ဓဘာသာဝင်များအနေ ဖြင့် ကျောင်းကန်ဘုရားများ၌ ဥပုသ်သီတင်းဆောက်တည်ခြင်း၊ ကုသိုလ်ပြုသူများ၊ မိဘဆရာ သက်ကြီးဝါကြီးများအား ကန်တော့ခြင်း၊ ဘုရားစေတီများတွင် ဆီမီးတစ်ထောင် ပန်းတစ်ထောင် ဆပ်ကပ်ပူဇော်ခြင်းစသည့် ကောင်းမှုကုသိုလ်များဖြင့် နှစ်စဉ်အစဉ် အလာမပျက် စည်းကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)