မိုင်းယောင်းမြို့တွင် ရှမ်းရိုးရာဓလေ့အတိုင်း ဆင်ဆွဲပွဲကျင်းပ

မိုင်းယောင်း အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့ရှိ ဒေသခံတိုင်းရင်းသား ပြည်သူများသည် သီတင်းကျွတ်လပြည့် (အဘိဓမ္မာနေ့) တွင် ဆင်ဆွဲပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဆင်ဆွဲပွဲတွင် ရှမ်းတိုင်းရင်းသား ဗုဒ္ဓဘာသာဝင် ပြည်သူများက ရိုးရာဓလေ့ထုံးတမ်း အယူဝါဒများအရ ဆင်ဆွဲပွဲနှင့်အတူ ပွဲအော်ဝါခေါ် သီတင်းကျွတ်ပွဲတွင် ကောင်းမှုကုသိုလ် အတွက် ဆင်ရုပ်၊ မြင်းရုပ်များပြုလုပ်၍ ရိုးရာဓလေ့နှင့်အညီ ပူဇော်လှူဒါန်းခဲ့ကြသည်။

မိုင်းယောင်းတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော သီတင်းကျွတ်ပွဲတော်ကို တစ်နှစ်လျှင်တစ်ရွာ ကျေးရွာဘုန်းကြီးကျောင်း၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာနေ့) တွင် ဘဝသံသရာ အတွက် ကောင်းမှုကုသိုလ်အဖြစ် ရည်စူး၍ ဆင်ရုပ်၊ မြင်းရုပ်နှင့် အခြားအရုပ်များကို ပုံဖော်ဖန်တီးပြီး ယင်းအရုပ်များပေါ်တွင် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆင်ယင်လှူဒါန်းခဲ့ကြ သည်။

ရွှေအိုးငွေအိုးများ လှူဒါန်းခြင်းတို့အပြင် အခြားလှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် သီတင်းကျွတ်ပွဲတော်တွင် စုပေါင်းလှူဒါန်းသည့် ဓလေ့အစဉ်အလာကို ရွှေမိုင်းယောင်းသားများ ယနေ့အထိ ဂုဏ်ယူမြတ်နိုးတန်ဖိုးထား ဆင်နွှဲလျက်ရှိပြီး သီတင်းကျွတ်လပြည့်နေ့ ဆင်ဆွဲပွဲကို ရှမ်းရိုးရာဓလေ့အတိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း