သီတင်းကျွတ်ရုံးပိတ်ရက်/ ကျောင်းပိတ်ရက် ပလင်းကမ်းသာယာ ဆင်စခန်းသို့ လာရောက်လည်ပတ်အပန်းဖြေသည့် ခရီးသွားပြည်သူများပြား

ညောင်ဦး  အောက်တိုဘာ ၁၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာအနီးဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းသို့ သီတင်းကျွတ်လပြည့်နေ့နှင့် လပြည့်ကျော် (၁) ရက်နေ့တို့တွင် အပန်းဖြေခရီး လာရောက်လည်ပတ်သူများနှင့် ဆင်များလေ့လာလိုသူ ခရီးသွားပြည်သူများ လာရောက်လည်ပတ်မှု များလာခဲ့ကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူများထံက သိရသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ် ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းသည် ညောင်ဦးမြို့နှင့် ၅ မိုင်ခန့်အကွာ၊ ညောင်ဦး -ပခုက္ကူ- မြင်းခြံကားလမ်းမကြီးဘေး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိပြီး ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ဘုရားဖူးလာခရီးသွားပြည်သူများ ခရီးတစ်ထောက် လာရောက်အပန်းဖြေ နားနေရာတစ်ခုလည်းဖြစ်ကြောင်း၊ ပလင်းကမ်း သာယာဆင်စခန်းဝင်း အတွင်း ကလေးကစားကွင်းတွင် ကလေးစီးရဟတ်၊ ဆီးဆော၊ လျောစီးနေရာ၊ ဒန်းတို့ပါရှိပြီး ကလေးဥယျာဉ်အဖြစ် ငယ်စဉ်ကတည်းက သစ်ပင်၊ ပန်းပင် သစ်တောတို့ကို မြတ်နိုးတတ်စေရန် ဥယျာဉ်ငယ်ပြုလုပ်ဖန်းတီးပေးထားကြောင်း၊ ဆင်ပြတိုက်တွင်လည်း စုံလင်စွာပြသပေးထားပြီး ကမ္ဘာတွင် မြန်မာတစ်နိုင်ငံထဲသာ အိမ်မွေးဆင်အများစု ပိုင်ဆိုင်ကြောင်း၊ အာဖရိကဆင်နှင့် အာရှဆင်ခွဲခြားပြသထားပြီး အာရှဆင်များသည် အာဖရိကဆင်များထက် ခွန်အားကြီးမားပုံ၊ အာရှဆင်ခေါ်မြန်မာ့ဆင်များ မြန်မာ့သစ်လုပ်ငန်းတွင် အရေးပါခဲ့ပုံ၊ သစ်တောဝန်ထမ်းများနှင့် မြန်မာ့သစ်လုပ်ငန်းဝန်ထမ်းများ ဆင်များစောင့်ရှောက်ပုံ၊ ဆင်စွယ်အမျိုးမျိုးနှင့် ဆင်ဝန်ထမ်း အဆင့်ဆင့်နေအိမ်များကို ဆင်ပြတိုက်တွင်ပြသထားပုံနှင့် ဆင်စခန်းဝင်းဆင်များ နေထိုင်ပုံ၊ ဆင်များသည် တစ်နေ့သုံးချိန်ပိုင်းပါက နှစ်ချိန်သည် အစာစားချိန်ဖြစ်ကြောင်းတို့ကို ခရီးသွား၊ အပန်းဖြေလာ ဆင်လေ့လာလိုသူများ သိရှိလိုသည်များကို ဆင်စခန်းတာဝန်ရှိသူများက လိုက်လံရှင်းပြပေးကြောင်း၊ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်များအတွက် ဆင်စာဘူဖေး ကျွေးသူများပြားခဲ့ပြီ ဧရာဝတီမြစ်ကမ်းဘေးတွင် ဆင်စခန်းလာဆင်ချစ်သူများ အပန်းဖြေနား နေနိုင်ရန် ရှည်တံရှည်တဲများတွင် အပန်းဖြေသူများဖြင့် စည်းကားခဲ့ပြီး ဆင်စခန်းများ လာရောက် လေ့လာလည်ပတ်ခြင်းဖြင့် မြန်မာ့ဆင်များကိုယ်တိုင် ထိန်းသိမ်းဖို့ အင်အားဖြစ် စေကြောင်းလည်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်ရင်း ပလင်းဆင် စခန်းသို့ လာရောက်လေ့လာခဲ့သည့် နတ်မောက်မြို့ ဘုန်းတော်ပြည့်ကျေးရွာ ဦးသန်းဝင်းထွန်း က ပြောကြားသည်။

ညောင်ဦးမြို့နယ် ပလင်းကမ်းသာယာဆင်စခန်းသို့ သီတင်းကျွတ်လပြည့်နေ့နှင့် လပြည့်ကျော် တစ်ရက်နေ့ထိ လာရောက်လည်ပတ်မှု များပြားခဲ့ကာ ဆင်စာကျွေးမွေးသူ၊ ဆင်စီးသူများလည်း များပြားခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ