မာန်အောင်မြို့ မဟာဓမ္မိကာရုံကျောင်းတိုက်၌ (ပထမ)အကြိမ်မြောက် အဘိဓမ္မာတရားတော်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

မာန်အောင် အောက်တိုဘာ ၁၀

ရခိုင်ပြည်နယ် မာန်အောင်မြို့ မဟာဓမ္မိကာရုံကျောင်းတိုက်၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင်(ပထမ)အကြိမ်မြောက် အဘိဓမ္မာတရားတော် ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ နေ့လယ်က အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို အဘိဓမ္မာတရားတော်ဝတ်ရွတ်အဖွဲ့နှင့် တရားနာယူသူများက “နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး စိန်ရောင်ခြည်ဘုရားပင့်ကို ဒေါ်ယဉ်ယဉ်မေက လည်းကောင်း၊ မြော်ချင့်ပဏာ ကန်တော့လွှာကို ဒေါ်ခင်မေသောင်းကလည်းကောင်း၊ နတ်ဗြဟ္မာပင့်ဖိတ်ခြင်းကို ဒေါ်သိန်းမေကလည်းကောင်း၊ အဘိဓမ္မာအခါတော်နေ့

အကြောင်း လျှောက်တင်သံနှင့်မြတ်စွာဘုရားတာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွတော်မူလာပုံကို ဒေါ်မရေနှင့်အဖွဲ့ကလည်းကောင်း၊ အဘိဓမ္မာအခါတော်နေ့ ကျူးရင့်သံကိုဒေါ်ခင်မာကလည်းကောင်း ရွတ်ဖတ်ပူဇော်ကြသည်။

ထို့နောက် အဘိဓမ္မာ(၇)ကျမ်း ပါဠိတော်ကောက်နုတ်ချက်များကို မြို့ပေါ်ရပ်ကွက်များမှ ဝတ်ရွတ်အဖွဲ့(၄)ဖွဲ့က ရွတ်ဖတ်ပူဇော်ကြပြီး ကောင်းမှုကုသိုလ်များကို အမျှပေးဝေကြကာ နတ်ဗြဟ္မာများကို ပြန်လည်ပို့ဆောင်ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)