Hlaing Quarantine Center (1)အား ကိုဗစ်-၁၉ ကုသရေးဌာနအဖြစ် ပြောင်းလဲဆောင်ရွက်

လှိုင် စက်တင်ဘာ ၁၇              

                                                                 
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ဖွင့်လှစ်ထားရှိသော Hlaing Quarantine Center (1)တွင် ယမန်နေ့နံနက်(၈)နာရီက လှိုင်မြို့နယ် ကိုဗစ်-၁၉ အရေးပေါ် ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ပေါင်းစပ်ကုသရေးအဖွဲ့ ဆေးတက္ကသိုလ် (၁)ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး၊ ဒုပါမောက္ခချုပ် ဒေါက်တာမြင့်မြင့်ငြိမ်း၊ ဒေါက်တာစုစုလှိုင် ရန်ကုန်တောင်ပိုင်းခရိုင်၊ ဦးစီးမှူး(ပြည်သူ့ကျန်းမာရေး) လှိုင် ကွာရန်တင်းစင်တာ(၁) တာဝန်ခံတို့ တွေ့ဆုံပြီး ကိုဗစ်- ၁၉ ကုသရေးဌာနအဖြစ် ပိုးတွေ့လူနာများအား စတင်လက်ခံ ဆောင်ရွက် သွားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။ 
ရန်ကုန်တိုင်းအတွင်းရှိ ကိုဗစ်ပိုးတွေ့လူနာများအားထိရောက်စွာ ကုသပေးနိုင်ရန်အတွက် လှိုင် ကွာရန်တင်း စင်တာ(၁)အား ကုသရေးဌာနအဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်ပြီး ၎င်းကုသရေးဌာနကို လူနာ ၅၀၀ အထိ ထားရှိနိုင်သော ကုသရေးဌာနအဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကျန်ရှိသော လှိုင်ကွာရန်တင်းစင်တာ(၂)၊(၃)၊ မင်းဓမ္မကွာရန်တင်းစင်တာများအား ကွာရန်တင်း စင်တာအဖြစ် ဆက်လက်အသုံးပြုသွားမည်ဖြစ်၍ ၎င်းစင်တာများတွင်ပြည်ပမှ ပြန်လာသူများ၊ ပိုးတွေ့သူများနှင့် ထိတွေ့ခဲ့သူ (Contact Person)များအား ယခင်အတိုင်း လက်ခံဆောင်ရွက် သွားမည်ဖြစ်ပါသည်။ 
၎င်းစင်တာများအား ကိုဗစ်−၁၉ စတင်ဖြစ်ပွားချိန် မတ်လမှစ၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ စေပိုင်ဖွံ့ဖြိုးမှု ကုမ္ပဏီ၏ ပံ့ပိုးကူညီမှုများဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စောင့်ကြည့်လူနာများအားထားရှိခဲ့ခြင်း ဖြစ်ပါသည်။
ကုသရေးစင်တာနှင့် စောင့်ကြည့်ရေးစင်တာ တာဝန်ကျများ၊ စောင့်ကြည့်လူနာများ၊ နေရပ်ပြန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီ၊စေတနာ့ဝန်ထမ်းများ၏ နေထိုင်စားသောက်မှု၊ အခြေခံ လိုအပ်ချက်များအား ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ စေပိုင်ဖွံ့ဖြိုးမှုကုမ္ပဏီတို့က တာဝန်ယူ ပံ့ပိုးပေး၍ အလှူရှင်များကလည်း ပံ့ပိုးကူညီပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ကြည်ဇေသော်(ပြန်/ဆက်)