မော်လမြိုင်မြို့တွင် တရားဥပဒေစိုးမိုးရေးနှင့်နယ်မြေလုံခြုံရေးအတွက် ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်

မော်လမြိုင်       စက်တင်ဘာ      ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးတို့အတွက် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးညီညီ၊ဦးဆောင်အဖွဲ့များသည် ယမန်နေ့ ညပိုင်း၌ မြို့အတွင်း လှည့်ကင်းများဖြင့် ပိတ်ဆို့ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အများပြည်သူလုံခြုံရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ခိုး၊ ဆိုး၊ လု၊ နှိုက် များ မဖြစ်ပွား စေရေး၊ လက်နက်ကိုင်ဆောင်မှု မရှိစေရေး၊ COVID-19 ကာလ ၊ Stay at Home ကန့်သတ် နယ်မြေများစည်းကမ်းလိုက်နာရေး၊ လမ်းဘေးစားသောက်ဆိုင် KTV များမဖွင့်စေရေး၊ COVID -19 အတည်ပြုသောဒေသများမှ ခိုးဝင်လာသူများမရှိစေရေး တို့အတွက် လိုက်လံစစ်ဆေး လျက်ရှိရာ စည်းကမ်းမဲ့မောင်းနှင်သော ဆိုင်ကယ်(၉)စီးအား ဥပဒေအရ အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်နေမှုကို မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ဦးစီးအရာရှိ(ပထမတန်း)ဒုရဲမှူးကြီး  သိန်းနိုင် မှ လိုက်လံစစ်ဆေးခဲ့ကြောင်းနှင့် အလားတူ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လည်း ညစဉ်ပိတ်ဆို့ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းမွန် ပြည်နယ်ရဲတပ်ဖွဲ့ ထံမှ သိရသည်။

ပြည်နယ်(ပြန်/ဆက်)