မိတ္ထီလာ၌ ဘုန်းတော်ကြီးကျောင်း ၉ကျောင်းအတွက် ဆွမ်းဆန်နှင့်ဆီများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ အောက်တိုဘာ ၉

မိတ္ထီလာ၌  မြို့ပေါ်ရှိစာသင်တိုက်ဘုန်းတော်ကြီးကျောင်း ၉ ကျောင်းတွင် သီတင်းသုံးနေထိုင်သည့် သံဃာတော်များထံသို့ ခရိုင်မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများမှလှူဒါန်းသော ဆွမ်းဆန်နှင့် ဆီများဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ယနေ့နံနက်  ၈ နာရီအချိန် က မြို့မရပ်ကွက် သာသနာ့ဗိမာန်တွင် ကျင်းပကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ရှေးဦးစွာပင့်သံဃာတော်များနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူ များက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်သည်။ ထို့နောက် ပဌမကျော်ဓမ္မာစရိယကျောင်းတိုက်ဦးစီးပဓါနနာယက၊ နိုင်ငံတော်သံဃဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီလာစာရထံက ငါးပါး သီလတရားတော်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ် စုအုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက ခံယူဆောက်တည်ကြသည်။ ဆက်လက်၍  ကိုးနဝင်းပရိယတ္တိစာသင်တိုက်၊ ပညာရာမိကမြို့ဦးကျောင်းတိုက်၊ ပါဠိတက္ကသိုလ်ဥယျာဉ်ကျောင်းတိုက်၊ သဒ္ဓမ္မဝံသာရုံနဂါးရုံ ကျောင်းတိုက်၊ ပဌမကျော်ဓမ္မာစရိယကျောင်းတိုက်၊ ဝမ်းတော်ပြည့်ကျောင်းတိုက်၊ မဏိဇောတိကာရုံကျောင်းတိုက် နှင့်ပစ္ဆိမာရုံကျောင်းတိုက်တို့တွင် သီတင်းသုံးနေထိုင်ကြသည့် သံဃာတော်စုစုပေါင်း ၄၅၁ ပါးအတွက် ဆွမ်းဆန်တော် ၄၇ အိတ် နှင့် ဆီ ၇ဝ ပိဿာ ကို ပင့်သံဃာတော်များထံသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်းကြသည်။ ပဌမကျော်ဓမ္မာစရိယကျောင်းတိုက် ဦးစီးပဓါနနာယက၊ နိုင်ငံတော်သံဃဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီလာစာရထံမှ လှူဒါန်းမှုအတွက် ရေစက်ချတရားတော်များကို  စုပေါင်းနာယူကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြောင်းသိရသည်။

ဦးချမ်းသာ (ပြန်/ ဆက်)