မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ နှာခေါင်းစည်း Mask များ လာရောက် လှူဒါန်း

မြောက်ဥက္ကလာပ     စက်တင်ဘာ  ၁၇

ကိုဗစ်-၁၉ ရောဂါ  ပြည်တွင်းကူးစက်မှု များပြားလာမှုကြောင့် ကာကွယ်ရေးလုပ်ငန်းများတွင်  အသုံးပြုနိုင်ရန် အတွက် နှာခေါင်းစည်း Maskများကို ယမန်နေ့ နေ့လယ် ၂ နာရီက ရန်ကုန် တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့သို့လှူဒါန်းရာတွင် (င)ရပ်ကွက်တွင် နေထိုင်သည့် ဦးလှသိန်း၊ ဒေါ်အေးအေးမော်မိသာစုက တစ်ဗူးလျှင် အခု (၅၀)ပါရှိသည့် နှာခေါင်းစည်း Mask ဗူး(၁၀၀)ကို လှူဒါန်းရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးသူက  လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းပေးသည့် Mask များကို မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ပြီး ပြည်သူများအား Mask တပ်ဆင်ရန်  အသိပညာပေးခြင်း အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အား လိုက်နာရန် အသိပညာပေးခြင်း၊ လူစုလူဝေးရှိရာ နေရာများကို တက်နိုင်သမျှ မသွားရောက်ရန်နှင့် လိုအပ်လျှင် တစ်ဦးသာ သွားရောက်ရန်၊ ရပ်ကွက်ရှိ လမ်းသွယ်များတွင် ပြင်ပမှ ကားများ၊ လူစိမ်းများ ဝင်ရောက်လာခြင်းကို စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို ရပ်ကွက်တိုင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 မြမြဝင်း (ပြန်/ဆက်)