မြောက်ဥက္ကလာပမြို့နယ်ရှိ  ဈေးရောင်းချသူပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဝေငှ

မြောက်ဥက္ကလာပ  စက်တင်ဘာ  ၁၇


ကိုဗစ်-၁၉ရောဂါ ပြည်တွင်းကူးစက်မှု များပြားလာမှုကြောင့် ဈေးရောင်းချသူ ပြည်သူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာစေရန် အသိပညာပေးခြင်းနှင့်  နှာခေါင်းစည်းMaskများ ဝေငှခြင်းကို ယနေ့ နံနက် ၉  နာရီက (ဌ)ရပ်ကွက် နှင့် ရွှေပေါက်ကံမြို့သစ်တို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ်စည်ပင်သာယာရေးကော်မတီမှ လမ်းညွှန်မှုဖြင့် ဦးသန်းထွဋ် (ရေစက်) မိသားစုမှ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက်  Mask များ ပူးပေါင်း ပါဝင် လှူဒါန်းခဲ့ပြီး စည်ပင်ဝန်ထမ်းများက (ဌ)ရပ်ကွက် ခေမာကျောင်းလမ်း၊ သဇင်လမ်းရှိ ဈေးများနှင့် ရွှေပေါက်ကံ မြို့သစ် မင်းထူးကျော်မှတ်တိုင်အနီးရှိ ဈေးတို့တွင် ဈေးရောင်းချသူပြည်သူများ ဈေးရောင်းရာ တွင် Mask အား စနစ်တကျတပ်ဆင်ပြီးမှ ရောင်းချရန်၊ အသား၊ ငါးရောင်းသူများ လက်အိတ်ဖြင့် ရောင်းချရန်၊ လက်ကိုဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာ မကြာခဏဆေးကြောရန် (သို့မဟုတ်) Hand Gel ဖြင့်ဆေးကြောရန်၊ လမ်းဘေးစားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် စသည့် အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်စည်ပင်သာယာရေးကော်မတီကြီးကြပ်မှုဖြင့် စည်ပင်ဝန်ထမ်းများက ပြည်သူအားလုံး ကိုဗစ်-၁၉ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး အထောက်အကူဖြစ်စေရန်နှင့်  လူစုလူဝေး ဖြစ်ပေါ်ခြင်းမှ အတက်နိုင်ဆုံးရှောင်ရှားနိုင်ရန် နေ့စဉ် ရပ်ကွက်အတွင်း စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် လမ်းဘေးဆိုင်များအား ပါဆယ်စနစ်ဖြင့်သာရောင်းချရေး အသိပေးနှိုးဆော်ခြင်းကို ရပ်ကွက်များ အတွင်း လိုက်လံကြေညာပေးလျက်ရှိကြောင်း သိရသည်။ 
မြမြဝင်း (ပြန်/ဆက်)