သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာတွင် သက်ကြီးပူဇော်ပွဲပြုလုပ်

သထုံ အောက်တိုဘာ ၈

မွန်ပြည်နယ်၊ သထုံမြို့နယ် ဒုံဝန်းကျေးရွာ၏ သီတင်းဝါလကျွတ်ချိန်ခါသာမယ စတုတ္ထအကြိမ်မြောက် ကျေးရွာလုံးဆိုင်ရာ သက်ကြီးပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက ဒုံဝန်းဘုရားငါးဆူဓမ္မာရုံ၌ ကျေးရွာရပ်မိရပ်ဖများ ဦးဆောင်၍ ပြုလုပ်ခဲ့ကြသည်။

ပူဇော်ပွဲတွင် ရှေးဦးစွာ သံဃာတော်များထံမှ တက်ရောက်လာသူတို့က သီလခံယူဆောက်တည်ကြပြီး သက်ကြီးဘိုးဘွားများထံမှ ဆုံးမဩဝါဒစကားများ နာယူကြသည်။

ယင်းနောက် ဒုံဝန်းကျေးရွာရှိ အသက် ၈၀ နှစ်နှင့်အထက် ရဟန်းတော် ၄ ပါးနှင့် အဘိုးအဘွား ၄၀ ဦးတို့အား သက်ကြီးပူဇော်ငွေ၊ လှူဖွယ်ပစ္စည်းများဖြင့် ကျေးရွာသူကျေးရွာသားများက ပူဇော်ကန်တော့ခဲ့ကြပြီး ကျန်းမာရေးအခြေအနေအရ မလာရောက်နိုင်သည့် သက်ကြီးဘိုးဘွားများကိုလည်း အကျိုးတော်ဆောင်အဖွဲ့ဝင်များက နေအိမ်များအရောက် လိုက်လံပူဇော်ကန်တော့ခဲ့ကြသည်။

အဆိုပါသက်ကြီးပူဇော်ပွဲကို ၂၀၁၉ ခုနှစ်က စတင်ကာ ရပ်မိရပ်ဖများ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်သက်ကြီးပူဇော်ပွဲအတွက် ရပ်ဝေးရပ်နီးနေဒုံဝန်းကျေးရွာသူ ကျေးရွာသားများနှင့် စေတနာရှင်များစုပေါင်းကာ ဘိုးဘွားများအတွက် အလှူငွေကျပ် ၄၃ သိန်းကျော် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)