နယ်စပ်ဒေသအမျိုးသမီးငယ်များအတွက် အဆင့်မြင့်စက်ချုပ်သင်တန်းဆင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်

မင်းပြား အောက်တိုဘာ ၈

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က မင်းပြားမြို့ရှိ အဆိုပါသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မင်းပြားမြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမျိုးစိုးမိုးက သင်တန်းဆင်း အမှာစကားပြောကြားသည်။  ဆက်လက်ပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းအုပ်ကြီး ဒေါ်ဇင်မီမီစံက နယ်စပ်ဒေသအမျိုးသမီးငယ်များအတွက် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၌ သင်တန်းသူများအား နယ်စပ်ဒေသတိုင်းရင်းသူလေးများသက်မွေးကြောင်း ပညာရပ်များအပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းထူထောင်ခြင်း၊ လူနေမှုအဆင့်အတန်းမြင့်မားလာခြင်း၊   အမျိုးဂုဏ်၊ ဇာတိဂုဏ်စောင့်ထိန်းပြီး အကျင့်စာရိတ္တကောင်းမွန်သည့် အမျိုးသမီးလေးများဖြစ်လာစေရန် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ အသိပညာ၊  အတတ်ပညာများ   ပိုမိုထွန်းကားလာစေရန်၊ မုန့်လုပ်နည်းဘာသာရပ်၊ အချက်အပြုတ်ပညာရပ်များကိုပါ သင်ကြားပေးသော ပညာရပ်များအား လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာအသုံးချရန်လိုကြောင်းပြောပြီး သင်တန်း၌ ထူးချွန်ဆုရရှိသူ တစ်ဦးအား အပ်ချုပ်စက်တစ်လုံးပေးအပ်သည်။ ဆက်လက်၍ တက်ရောက်လာသူများက သင်တန်းသူများ၏ လက်ရာများအား ကြည့်ရှုအားပေးကြသည်။    

အဆိုပါအမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၃)သင်တန်းကို မေလ (၉ )ရက်မှ အောက်တိုဘာလ(၇)ရက်နေ့ထိ  သင်ကြားပို့ချခဲ့ကြောင်းနှင့် နယ်စပ်ဒေသရှိတိုင်းရင်းသူအမျိုးသမီးငယ်(၃၅)ဦးလာရောက်သင်ကြားပြီး အမျိုးသမီးဘဝရပ်တည်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိလာမည် ဖြစ်ကာဒေသဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

သိန်းနုအောင်(ပြန်/ဆက်)