ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် တောင်တော်ဖွင့်ပွဲပြုလုပ်ရန် ဩဝါဒစရိယ ဆရာတော်ကြီးများထံ ဩဝါဒခံယူပွဲပြုလုပ်

ကျိုက်ထို ဩဂုတ် ၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် တောင်တော်ဖွင့်ပွဲပြုလုပ်ရန် ဩဝါဒစရိယ ဆရာတော်ကြီးများထံ ဩဝါဒခံယူပွဲ အခမ်းအနားကို ယနေ့နံနက်၉ နာရီတွင်ကျိုက်ထိုမြို့နယ် သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဩဝါဒါစရိယ၊ နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာကမ္မဌာနာစရိယ ဗောဓိကိုးထောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စထံမှ ငါးပါးသီလခံယူတည်ဆောက်ခဲ့ကြသည်။

ယင်းနောက် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမြတ်သွင်၊ မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်၊ မွန်ပြည်နယ်သာသနာရေးမှူး ဦး‌အောင်ဝင်းထွန်း၊ ကျိုက်ထိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်ထွန်းတို့က သာသနာရေးဆိုင်ရာများအား အသီးသီးတင်လျှောက်ကြရာ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဩဝါဒါစရိယဆရာတော် နိုင်ငံတော်သံဃမဟာနာယက(အဖွဲ့ဝင်) ဘဒ္ဒန္တအာစာရ မဟာမရမ်းချိုကျောင်းတိုက် ဆရာတော်အမှူးပြုသော ဆရာတော်ကြီးများက လိုအပ်သည်များကို ဖြည့်စွက်မိန့်ကြားခဲ့သည်။

ဆက်လက်၍ ဆရာတော်အရှင်သူမြတ်တို့ထံ နဝကမ္မလှူဖွယ်ဝတ္ထုများအား ဆက်ကပ်လှူဒါန်းပြီး ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့‌ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)