ကျိုင်းတုံ စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စွမ်းရည်မြှင့်သင်တန်းကို အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၊ သံလွင်ခန်းမ၌ ယနေ့နံနက် ၉ နာရီ က စတင်ဖွင့်လှစ်သည်။
သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းဝင်း က ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲများ၏ အခန်းကဏ္ဍစသည့် သင်ခန်းစာများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်သီရိလွင် က ရွေးကောက်ပွဲဆိုင်ရာပြစ်မှုနှင့် ပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်စုမွန်ကျော် က ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်များ ထုတ်ပြန်ကြေငြာခြင်း စသည့်သင်ခန်းစာ များကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် ဦးခင်မောင်မြင့် က နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ လိုက်နာရမည့် ကျင့်ဝတ်၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း၊ မဲဆွယ် စည်းရုံးခွင့်၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းလမ်းညွှန်ချက်များ စသည့်သင်ခန်းစာများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် သင်တန်သား/ သူများ တက်ရောက်ပြီး စက်တင်ဘာ (၁၇) ရက်မှ (၁၈) ရက်နေ့အထိ သင်တန်းဖွင့်လှစ် သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)