ဆွမ်ပရာဘွမ် အောက်တိုဘာ ၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး ဆင်ခြင်ကာကွယ် မီးဘေးအန္တရာယ် Talk show ကျင်းပခြင်းကို ယနေ့နံနက် ၁၀နာရီခွဲအချိန်က ဆွမ်ပရာဘွမ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ဆောင်ရွက်ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ခင်မျိုးမြင့် ဦးစီးအရာရှိ (တာဝန်ပေး)က Talk Show ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဦးရှီလာဇော်ဖန် လက်ထောက်မီးသတ်ဦးစီးမှူးက အောက်ဆီဂျင်၊ လောင်စာ၊ လုံလောက်သော အပူချိန် (၃)ခုတို့ ပေါင်းစပ်ကာ မီးလောင်မှုကို ဖြစ်ပေါ်ခြင်း၊ မီးလောင်မှု ဖြစ်ပေါ်စေသည့် အကြောင်းရင်းမှာ ပေါ့ဆမှု၊ ရှို့မီး၊ သောင်းကျန်းသူရှို့မီး၊ မသမာသူရှို့မီး၊ စိတ်မကျန်းမမာသူ ရှို့မီးတို့ကြောင့် မီးလောင်မှုဖြစ်ပေါ်စေခြင်း၊ ချက်ပြုတ်မီးကြွင်းမီးကျန်များ၊ ဟောင်းနွမ်းစုတ်ပြဲ လျှပ်စစ်ဝါယာကြိုးများကို အသုံးပြုရာတွင် စနစ်တကျမရှိခြင်းကြောင့် မီးလောင်မှု ဖြစ်ပေါ်စေကြောင်း ပြောကြားသည်။ ဆက်လက်ပြီး မီးလောင်မှုမဖြစ်ပွားစေရန် မီးများကို သတိဝိရိယနဲ့ အသုံးပြုရန်၊ မီးသတ်ဦးစီးဌာနအနေဖြင့်လည်း မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက် တစ်အိမ်ဆင်းခြင်းဖြင့် ပြည်သူလူထုများအား အသိပညာပေး ဟောပြောခြင်း၊ မီးသတ်နိုင်ရေးအတွက် သရုပ်ပြခြင်း၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေပုံး၊ မီးသတ်ဆေးဗူးများကို အရေးပေါ်အသုံးပြုနိုင်ရန် ထားရှိခြင်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးကြောင်း သိရှိရသည်။
ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)