တံတားဦးမြို့  သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား မန္တလေးတိုင်း ဒေသကြီးအစိုးရဖွဲ့ ဝန်ကြီးချုပ် တက်ရောက်ကြည့်ရှုအားပေး

တံတားဦး အောက်တိုဘာ ၈

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီက တံတားဦးမြို့နယ် သဲမောင်းကန်ကျေးရွာအုပ်စု စကားအင်းအဝိုင်းမှ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် လေယာဉ်ကွင်းအဝင် စစ်ဆေးရေးဂိတ်အထိ စုပေါင်း ဆောင်ရွက်ကြကြောင်းသိရသည် ။

အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာသို့၊ တံတားဦးခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကျောက်ဆည်တပ်နယ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ရပ်ရွာအကျိုးလိုလားသူများက လမ်းဘေးဝဲယာရှိ ခြုံနွယ်များ၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူဆည်းခြင်းများကို စုစုပေါင်း အင်အား (၅၀၀)ဦးတို့က ဆောင်ရွက်ကြပြီး စုပေါင်းသန့်ရှင်းရေးပြုလုပ် ဆောင်ရွက်ရာသို့ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ကျောက်ဆည်တပ်နယ်မှူးနှင့် တာဝန်ရှိသူများ၊ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ကိုလင်း တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များက လေ့လာကြည့်ရှုကြပြီး အားပေးစကားပြောကြားသည် ။

တံတားဦးမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်စနေနေ့တိုင်းတွင်   သတ်မှတ် နေရာများ၌ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည် ။          

ရဲတင့်( ပြန်/ဆက်)