မိုင်းယောင်း စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွား သင်တန်းကို ယနေ့နံနက် ၈ နာရီခွဲခန့် က အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံသိန်း က သင်တန်းတွင် သင်ကြားပို့ချမည့် အခန်းကဏ္ဍများကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူတို့က သက်ဆိုင်ရာကဏ္ဍအလိုက် သင်ခန်းစာများပို့ချကာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ကြသည်။
သင်တန်းတွင် မဲစာရင်းပြုစုခြင်း၊ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်း၊ လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ ရပ်ကွက်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ပြည်သူလူထုကို မဲဆန္ဒနယ်အသိပညာပေးခြင်း၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် ကျင့်ဝတ်၊ အငြင်းပွားမှုများဖြေရှင်းခြင်းနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ အခန်းကဏ္ဍ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၏ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ကြိုတင်ဆန္ဒမဲပေးခြင်း (မသန်စွမ်းသူများအပါအဝင်) လုပ်ငန်းစဉ်များစသည့် မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလဒ်များထုတ်ပြန်ကြေညာခြင်းများကို တာဝန်ရှိသူများ က သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာလဖြစ်သည့်အတွက် နှစ်ရက်ကြာဖွင့်လှစ်မည့် အဆိုပါသင်တန်းကို ကိုယ်အပူချိန် တိုင်းခြင်း၊ နှာခေါင်းစည်း၊ လက်ဆေးရည်အသုံးပြုခြင်းစသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးစိုင်းမှိုင်ခမ်း ထံမှ သိရသည်။
စိုင်းအောင်ဇော်လင်း