ပုဇွန်တောင် အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်တွင် တည်ထား ကိုးကွယ်တော်မူသော သမိုင်းဝင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၁၂)လရာသီပွဲတော်များအနက် ၁၃၈၄-ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အခမ်းအနားကို ကျင်းပသွားမည်ဖြစ်သည်။
သီတင်းကျွတ် အဖိတ်နေ့ အောက်တိုဘာ ၈ ရက်နေ့ နေ့လယ် ၁၂ နာရီမှ ညနေ ၆နာရီအထိ ဝတ်အသင်းများမှ ပဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) အောက်တိုဘာ ၉ ရက်နေ့ နံနက် ၅နာရီခွဲအချိန်တွင် စေတီတော်မြတ်ကြီးအား ပန်း၊ ဆီမီး၊ ရေချမ်း၊ မုန့်၊ သစ်သီးများ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ မေတ္တာဘာဝနာပွားများခြင်း နှင့် သံဃာတော်များအား အရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း၊ နေ့လယ် ၃နာရီတွင် ပဝါရဏာပွဲ ပြုလုပ်ခြင်းများဆောင်ရွက်ကာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ ထံမှ သီ ခံယူပွဲ အခမ်းအနားနှင့် ဝါတွင်းကာလတစ်လျှောက်ပြုခဲ့သည့် ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာ ဟု ဆိုအပ်သော ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ဝါတွင်းကာလ ဗုဒ္ဓပူဇနိယပွဲတော်များ အောင်ပွဲ ရေစက်ချအခမ်းအနားကို သာသနဇောတိကဓမ္မာရုံ၌ ကျင်းပမည်ဖြစ်ပြီး ညနေပိုင်းတွင် စေတီတော် မြတ်ကြီးအား ဆီမီးပူဇော်လှူဒါန်းသွားမည်ဖြစ်၍ ရဟန်းရှင်လူပြည်သူများ ပါဝင်ကုသိုလ်ပြုနိုင်ပါရန် ရွှေဘုန်းပွင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
ဟန်စုယဉ်