နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး နေပြည်တော်ဗီဒီယို စိစစ်ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော် အောက်တိုဘာ ၈

နေပြည်တော်ဗီဒီယို စိစစ်ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၃) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ဗီဒီယို စိစစ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းမှာရှိသည့် ဗီဒီယို/ကာရာအိုကေ လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် တရားမဝင်လုပ်ကိုင်သူမျိုးမရှိစေရေးနှင့် သတ်မှတ်စည်းမျဉ်း၊ စည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားဝင်လိုင်စင်ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း၊ ပြည်သူများအနေဖြင့် စိတ်ချမ်းမြေ့ ကျေနပ်မှုရရှိစေပြီး လူငယ်များအနေဖြင့် အလုပ်အကိုင် အခွင့် အလမ်းများရရှိစေရန်၊ အသေးစားအလတ်စား လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာစေရန် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန် (Version 2.0) ပါလိုက်နာရမည့် စည်းကမ်းချက်များနှင့် ညီညွတ်ပါက ကာရာအိုကေ/ ဗီဒီယိုလုပ်ငန်းလိုင်စင်များကို ခွင့်ပြု ပေးသွားဖို့လိုကြောင်း၊ ယခုဆွေးနွေးပွဲမှာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြံပြုပေးစေလိုကြောင်းပြောကြားသည်။

ထို့နောက် နေပြည်တော်ဗီဒီယိုစိစစ်ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး နေပြည်တော်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို အသေးစိတ်ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် နေပြည်တော်ဗီဒီယိုစိစစ်ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာဏ္ဍများအလိုက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ  နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)