ပုဇွန်တောင် အောက်တိုဘာ ၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်စျေးနှင့် အနီးပတ်ဝန်းကျင်ရှိ ဆိုင်များ၊ ရပ်ကွက်များအတွင်းရှိ စျေးဆိုင်များနှင့် စတိုးဆိုင်များတွင် မီးရှူး၊ မီးပန်းနှင့် ဗြောက်အိုး (ရှူးဒိုင်း)များ ရောင်းချခြင်းနှင့် ဝယ်ယူခြင်းများ မရှိစေရေး အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ နံနက် ၉ နာရီအချိန်က ကွင်းဆင်းကြပ်မတ် အသိပေးဆောင်ရွက်လျက် ရှိကြောင်း သိရ သည်။
ပုဇွန်တောင်မြို့နယ်တွင် သီတင်းကျွတ်ကာလအတွင်း၌ ပြည်သူများ အထိတ်တလန့်မဖြစ်စေဘဲ ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် မီးရှူး၊ မီးပန်းနှင့် ဗြောက်အိုး(ရှူးဒိုင်း)များအား ရောင်းချခြင်းနှင့် ဝယ်ယူခြင်းများကို တားမြစ်ထားသည့် ဒေသန္တရအမိန့်ကြေညာစာနှင့် ပတ်သက်၍ ထပ်ဆင့်နှိုးဆော်ပေးခြင်းနှင့် စျေးများ၊ စတိုးဆိုင်များနှင့် အိမ်ဆိုင်များတွင် ရောင်းချမှုများမရှိစေရေး နှင့် ဝယ်ယူသုံးစွဲမှုမရှိစေရေးတို့အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်သူဖြိုး၊ မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး အသိပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်