သာကေတမြို့နယ်ရှိပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဆန်၊ဆီနှင့်ကြက်ဥ များအား ဒုတိယအကြိမ်ဆက်လက် ရောင်းချပေး

သာကေတ အောက်တိုဘာ ၇

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သာကေတမြို့နယ်ရှိ ဆင်းရဲနွမ်းပါးသည့်ပြည်သူများအား အထောက်အကူဖြစ်စေရန် စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ဒုတိယအကြိမ် ဆက်လက်ရောင်းချ ပေးလျက်ရှိရာ ယနေ့နံနက်(၈:၀၀)၌ ၄/တောင်ရပ်ကွက်သာသနာ့ဝေပုလ္လဓမ္မာရုံနှင့် အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးစုရပ်များ၌ စားဝတ်နေရေးအခက်အခဲရှိသည့်ပြည်သူ(၄၈၀)ဦးအားဆက်လက် ရောင်းချပေးခဲ့သည်။ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့်ဆန်၊ ဆီ၊ ကြက်ဥများအားရောင်းချပေးရာ၌ အိမ်ထောင်စု(၁)စုလျှင်ဆန်၁ ပြည်လျှင်ငွေကျပ် ၁၇၀၀ နှုန်း၊ ဆီ ၅၀ကျပ်သားလျှင် ငွေကျပ် ၂၀၇၅ နှုန်းနှင့်ကြက်ဥ ၁ လုံး ငွေကျပ် ၁၇၅ ကျပ်နှုန်းဖြင့် ကြက်ဥ(၅)လုံး(၈၇၅)ကျပ်တို့ကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချရာ၌ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်စွာဝင်း၏စီမံကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူး၊ ပရဟိတလူမှုကူညီရေးအသင်းများပူပေါင်း၍ စျေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေးအတွက် စနစ်တကျဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

သာကေတမြို့နယ်အတွင်းရှိ စားဝတ်နေရေးအခက်အခဲရှိသည့်ရပ်ကွက်(၁၉)ရပ်ကွက်ရှိပြည်သူ များအား ပထမအကြိမ်ရောင်းချပေးပြီးဖြစ်၍ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့်ဆန်၊ ဆီ၊ ကြက်ဥများအားဒုတိယအကြိမ်ဆက်လက်ရောင်းချပေးလျက်ရှိကြောင်းသိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)