ပုဇွန်တောင် အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ ဌာနဆိုင်ရာ ပုံမှန်အပါတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က လူလုံခြုံရေး၊ ရုံးလုံခြုံရေး၊ စာရွက်စာတမ်းများလုံခြုံရေး အထူးဂရုပြုရန်၊ အမုန်းစကားများ ဖြန့်ဝေမပြောကြားမိစေရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာတွင် ပုဇွန်တောင်မြို့နယ်အတွင်းရှိ ပြည်သူများ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ စစ်ကြောင်းများအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် တာဝန်ကျရာအခန်းကဏ္ဍများ၌ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဆောင်ရွက်ရန် လုပ်ငန်းများအား အသီးသီးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်