အမ်းမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၄) သင်တန်းဆင်းပွဲ ကျင်းပ

အမ်း အောက်တိုဘာ ၇

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးကွပ်ကဲမှုအောက်ရှိ အမ်းမြို့နယ်မှ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၄)သင် တန်းဆင်းပွဲကို ​ယနေ့ နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်း ဆင်းပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က ရခိုင်ပြည်နယ်၊တည် ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့၏ လမ်းညွှန်ချက်အရ မြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များ အသက်မွေးဝမ်းကြောင်းအထောက် အကူပြု အိမ်တွင်းမှု အတတ်ပညာရရှိစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးမှုရှိလာစေရန် လေ့ကျင့်ပြုစုပျိုးထောင်ပေးရေး လုပ်ငန်းများကိုအ ကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ဒေသရှိ ကျေးလက်နေ တိုင်းရင်းသူအမျိုးသမီးများ မိမိကိုယ်ပိုင် အသက်မွေးဝမ်းကြောင်း ပညာရပ်ဖြင့် ဘဝရပ်တည်နိုင်စေရန်၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ သင်ကြားတတ်မြောက်သည့် အသက်မွေးဝမ်းကြောင်းပညာရပ်များဖြင့် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည်အထိ ဆောင်ရွက်ကြရန်၊ အမျိုးသမီးငယ်များရဲ့ အသိအမြင်မြင့်မားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီပေးနိုင်ရေး၊ ဘဝရပ်တည်မှုခိုင်မာစေရေးအတွက် သင်တန်းများဖွင့်လှစ်ပေးကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ဆရာမကြီး ဒေါ်စိုးစိုးက အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းအား သင် တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ပြီး ၉-၅- ၂၀၂၂ မှ စတင်ဖွင့်လှစ်၍ သင်တန်းကာလအတွင်း သင်ကြားပေးသည့် စက်ချုပ်ဘာသာရပ်(၁၅)မျိုး၊ လက်မှုဘာသာရပ် (၁၀)မျိုး၊ မုန့်လုပ်နည်း ဘာသာရပ်၊ အချက်အပြုတ်ဘာသာရပ်များ သင်ကြားပေးနေမှုများကို ရှင်းလင်းပြောကြားပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်နှင့် ဆရာမကြီး ဒေါ်စိုးစိုးတို့က သင်တန်းသူ များအား အဆင့်မြင့်ထူးချွန်ဆုနှင့် အောင်လက်မှတ်များ ချီးမြှင့်ပေးခဲ့သည်။

ဆက်လက်၍ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၄) သင်တန်းတွင် သင်တန်းသူများကို တိုင်းချစ်၊ ပြည်ချက်၊ မျိုးချစ်စိတ် အစဉ်ရှင်သန်ထက်မြတ်နေစေ‌ရေးအတွက် ပြည်ထောင်စုစိတ်ဓာတ်သင်ခန်းစာ ဘာသာရပ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ကျန်းမာရေးအသိပညာပေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများ၊ ကြက်ခြေနီ အခြေခံရှေ့ဦးပြုစုနည်း သင်တန်းများကို သင်ကြားပေးပြီးသင်တန်းတွင် လိုအပ်သည့် သင်တန်းသုံး ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများနှင့် နယ်ဝေးသင်တန်းသူများကို အဆောင်နေ သင်တန်းသူအဖြစ် လက်ခံထားရှိပြီး နေထိုင်စားသောက်စရိတ်နှင့် အသွားအပြန် ခရီးစရိတ်များထောက်ပံ့ပေးလျက်ရှိပြီး၊ နယ်စပ်ဒေသတွင် နေထိုင်သည့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် ရည်ရွယ်ချက်(၅)ရပ်ဖြင့် တိုင်းရင်းသား/ တိုင်းရင်းသူများ၏ ပညာရည်မြင့်မားရေးနှင့် ဘဝရပ်တည်မှုခိုင်မာစေရန် အလုပ်အကိုင် အခွင့်အလမ်းများရှိစေရန်၊ အသိပညာ၊ အတတ်ပညာများကို သင်ကြားရသည့်အတွက် ကျေးဇူတင်စကားပြောကြားခဲ့သည်။

ထို့နောက် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၄) သင်တန်းဆင်းပွဲ ကျင်းပွဲသို့ တက်ရောက်လာသူများက ပြခန်း၌ပြသထားရှိသည့် အသုံးအဆောင်ပစ္စည်းများအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း

(ပြန်/ဆက်)