မောင်တော အောက်တိုဘာ ၇
ရခိုင်ပြည်နယ် မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပမည့် ဒုတိယအကြိမ် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ် ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပမည့် ဒုတိယအကြိမ် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန် ပွဲတော်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဌာနများအလိုက် ပဒေသာပင်များ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ သီတင်းကျွတ်ကာလအတွင်း ဆီမီးထွန်းညှိခြင်း၊ ဆရာတော်ကြီးများအား ဆွမ်းဆက်ကပ်ခြင်း ကိစ္စရပ်များ၊ ဒေသအတွင်း သာသနာထွန်းကားစေရေးကို ပိုမိုပြုလုပ်သင့်ပါကြောင်း၊ ကထိန်မရရှိသည့် သံဃာတော်သည် လွတ်လပ်စွာ ဝိနည်းနှင့်အညီ သွားလာနိုင်ကြောင်း၊ ပဒေသာပင် တစ်ပင်လျှင် ငွေကျပ် သုံးသိန်း အထက်သာ ဖြစ်ရမည်ဖြစ်ပြီး၊ မြို့နယ်အတွင်း ကထိန်မရရှိသေးသော ကျောင်း ၁၀ ကျောင်းနှင့် ပင်သံဃာ ကိုးပါးတို့ကို ဘုံကထိန် ဆက်ကပ်မည်ဖြစ်ပါကြောင်း၊ ဘုံကထိန်ဖြစ်မြောက်ရေးကော်မတီမှ လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဌာနများအလိုက် ဆွေးနွေးတင်ပြကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ စုပေါင်းဘုံကထိန်ကျင်းပမည့် လျာထား နေ့ရက်မှာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၉ ရက်၊ သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့တွင် သီရိမင်္ဂလာခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး စည်းကမ်းချက်များနှင့်အညီ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပမည့်ဖြစ်သဖြင့် ဌာနများအလိုက် ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ တာဝန်ရှိသူများက ဘုံကထိန်ဖြစ်မြောက်ရေးကော်မတီများ၏ ကဏ္ဍအလိုက် လုပ်ဆောင်မည့် လုပ်ငန်းတာဝန်များအား အသီးသီး ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
အောင်ကျော်စိန်၊သက်လွင်စိုး(ခရိုင် ပြန်/ဆက်)