ပူတာအိုမြို့၌ အခြေခံသောက်ကုန်များနှင့် ဒေသထွက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေး

ပူတာအို အောက်တိုဘာ ၇

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများ အခြေခံစားသောက်ကုန်များနှင့် ဒေသထွက်ကုန်ပစ္စည်းများကို သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးနှင့် ပူတာအိုဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် သမဝါယမကဏ္ဍမှ တစ်ဖက်တစ်လမ်းအထောက်အကူပြုနိုင်ရေး ရည်ရွယ်၍ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်(၁) ကိုနီကာဓာတ်ပုံတိုက်ဆိုင်တန်းတွင် ဖွင့်လှစ်ခဲ့သည့် ပူတာအိုမြို့နယ် သမဝါယမ အသင်းစု၏ ဒေသထွက်ကုန်စံပြ အရောင်းဆိုင်တွင် အခြေခံစားသောက်ကုန်များနှင့် ဒေသထွက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ပူတာအိုမြို့နယ်သမဝါယမ အသင်းစုကနေ ဖွင့်လှစ်တဲ့ ပူတာအိုဒေသထွက်ကုန်နဲ့သက်သာ ချောင်ချိရေးအရောင်းဆိုင်ကို ကောင်ကထောင်ရပ်ကွက်(၁)၊ ကိုနီကာဓာတ်ပုံတိုက်ဆိုင်တန်းမှာ ဖွင့်လှစ် ထားပါတယ်။ ဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ပူတာအိုမြို့နယ်ရှိ ဒေသခံပြည်သူများကို သက်သာ ချောင်ချိရေးအတွက် သက်သာတဲ့ဈေးနှုန်းနဲ့ ဆန်၊ ဆီ၊ ဆား၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ရောင်းချပေးပြီးတော့ ပူတာအိုဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်ရန်အတွက် ဒေသထွက်ကုန်များ ဖြစ်တဲ့ တိုင်းရင်းဆေးတွေ၊ ဂရိတ်ဖရုယိုတွေ၊ လက်မှုထုတ် ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိပါတယ်။ ဒေသထွက်ကုန်နဲ့ သက်သာချောင်ချိရေးစံပြအရောင်းဆိုင်ကို မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူအားပေး နိုင်ပါတယ်” ဟု ပူတာအိုမြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးတင်မျိုးက ပြောသည်။

အဆိုပါ စံပြအရောင်းဆိုင်တွင် ငွေတိုးဆန်တစ်အိတ်လျှင် ၅၇၀၀၀ ကျပ်၊ ညောင်ဦးပဲဆီသန့်တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ အာလူးတစ်ပိဿာလျှင် ၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ၅၅၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ လျှင် ၃၈၀၀ ကျပ်၊ ဆား(ဒုံးပျံ)တစ်ထုပ်လျှင် ၄၀၀ ကျပ်၊ မုန်ညှင်းဆီ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ကုလာပဲတစ်ခွက်လျှင် ၁၀၀၀ ကျပ် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည့်အပြင် ဒေသထွက်ကုန်များဖြစ်သော ရှီးပတီဦးရေစိမ်၊ ရှီးပတီပျားရည်စိမ်၊ ခမ်းတောက်မြစ်၊ မချစ်ဥ၊ တောင်ဆိတ်ဆီ၊ ဝက်ဝံဆီ၊ ယိုအမျိုးမျိုးနှင့် အခြားဆေးဖက်ဝင်ဒေသ ထွက်ကုန်များကိုလည်း သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)