တနိုင်း အောက်တိုဘာ ၇
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ခံရမှု မရှိစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာသည့် အလေ့အကျင့်များ လိုက်နာကျင့်သုံးစေရန် Mask Campaign အရှိန်အဟုန်မြှင့် အသိပညာပေးခြင်းကို ယနေ့ နံနက် ၈ နာရီက တနိုင်းမြို့ လူစည်ကားသည့် လီဒိုလမ်းမကြီးပေါ်ရှိ လမ်းဆုံ နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး ဦးဆောင်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များ၊ မြို့နယ်အမျိုးသမီးရေးရာအသင်းအဖွဲ့၊မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့ပူးပေါင်း၍ ဒေသတွင်း သွားလာကြသည့် ခရီးသွားပြည်သူများနှင့် စျေးရောင်း၊စျေးဝယ် မိဘပြည်သူ များအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် -၁၉ ရောဂါ စည်းကမ်းချက်များကို ဆက်လက် လိုက်နာကျင့်သုံးကြရန်၊ ပါးစပ်နှာခေါင်းစည်း Mask ကို လူထူထပ်သောနေရာများသို့ သွားလာပါက စနစ်တစ်ကျ တပ်ဆင်သွား လာကြရန် အသိပညာပေးပြီး နှာခေါင်းစည်း (Mask) ခုရေ (၁၀၀၀) အား အခမဲ့ဖြန့်ဝေပေး ခြင်းများ ဆောင်ရွက် ခဲ့ကြသည်။
မနောမြေ(တနိုင်း)