မုဒုံ အောက်တိုဘာ ၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်း (မုဒုံမြို့)တွင် ဖွင့်လှစ်ခဲ့သော အခြေခံရှေးဦးပြုစုခြင်း အမှတ်စဉ် ( ၅/၂၀၂၂ ) သင်တန်း၌ ဆုရရှိခဲ့သော သင်တန်းသူများကို ယနေ့နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ဆုချီးမြှင့်ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မုဒုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဒုတပ်ဖွဲ့မှူး ဦးအောင်ဆန်းထွန်းက လူမှုရေးစိတ်ဓာတ် ထက်သန်သည့် နိုးကြားတက်ကြွသော မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေပြီး ရှေးဦးပြုစုခြင်းပညာရပ်ဖြင့် စနစ်တကျပြုစုစောင့်ရှောက်တတ်စေကာ သဘာဝဘေးအန္တရာယ်ကျရောက်ပါက လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်စေရန်စသည့် ရည်ရွယ်ချက်များနှင့် မိမိတို့၏ ရပ်ရွာအကျိုးကို ကိုယ်တိုင်ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်သည့် စေတနာ့လုပ်အားရှင်များ ပေါ်ပေါက်လာစေရန်အတွက် သင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများမှ ဆုရရှိသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် သင်တန်းဆင်းလက်မှတ်တို့ကို အသီးသီးပေးအပ်ခဲ့သည်။ အဆိုပါ သင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာများ၊ ရှေးဦးပြုစုခြင်း အခြေခံသဘောတရား၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ လူနာဆန်းစစ်ခြင်း၊ အရေးကြီးလူနာခွဲခြားခြင်း၊ ထိခိုက်ဒဏ်ရာအမျိုးမျိုး၊ သွေးယိုစီးခြင်း၊ ဦးခေါင်းဒဏ်ရာ၊ ကျောရိုးတန်းမကြီးဒဏ်ရာ၊ အပူလောင်ခြင်း/ အရည်ပူလောင်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများတုပ်ခြင်း၊ ကိုက်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ မူးမေ့ခြင်း၊ အရိုးကျိုးခြင်း၊ အရိုးအဆစ်အကြော ထိခိုက်ဒဏ်ရာရခြင်း၊ ဆို့နစ်ခြင်း၊ အသက်ရှူအားကူခြင်းနှင့် နှလုံးနှိုးဆွခြင်း၊ လူနာသယ်ဆောင်နည်း၊ ပတ်တီးစည်းနည်းစသည့် သင်ခန်းစာများကို စာတွေ့၊ လက်တွေ့ဖြင့် မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ နည်းပြတို့က သင်ကြားပို့ချပေးခဲ့ကြောင်း၊ ရေး/ ဖြေ စာမေးပွဲတို့ကို ဆန်းစစ်ခဲ့ပြီး သင်တန်းသူ (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)