အလုံ အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်ကြက်ခြေနီအသင်း/တပ်ဖွဲ့နှင့် မြို့နယ်ပညာရေးဌာနတို့နှင့် ပူးပေါင်း၍ ရှေးဦးပြုစုနည်း (အခြေခံ) သင်တန်းကို ယမန်နေ့ စတင်ကာ အလုံမြိုနယ်အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း တို့တွင် တပြိုင်တည်းဖွင့်လှစ်သင်ကြားကြောင်း သိရသည်။
သင်တန်းတွင် အလုံမြို့နယ်ကြက်ခြေနီအသင်းမှ နည်းပြများက ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုခြင်း အခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ဆက်စပ်သော ရှေးဦးပြုစုခြင်း အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့် ရိုးဆက်ဒဏ်ရာ ပတ်တီးစည်းနည်း၊ ရှေးဦးပြုစုမည့်သူများ လိုက်နာရမည့်အချက်များစသည့် ဘာသာရပ်များကို သင်ကြား ပို့ချပေးလျက်ရှိသည်။
အဆိုပါ သင်တန်းကို အောက်တိုဘာ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ (၃) ရက် ကြာဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းသို့ အလုံမြိုနယ် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၅၅) ဦးနှင့် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၆၅) ဦး၊ စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ပြီး အဆိုပါ သင်တန်းဖွင့်လှစ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်တင်ချို (ပြန်/ဆက်)