ခရမ်း အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ကာကွယ်ရေးစစ်ကြောင်းဖြင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၃ နာရီက တရားဥပဒေစိုးမိုးရေးနှင့်ကာကွယ်ရေး၊ အုပ်ချုပ်ရေးတို့ပူးပေါင်းသည့်စစ်ကြောင်းမှ ခရမ်းမြို့နယ်အမှတ်(၂)ရပ်ကွက်၊ သကျမာရိဇိန်သွန်းဘုရားကြီး ဓမ္မာရုံတွင် ပြည်သူလူထုနှင့်တွေ့ဆုံ ဆွေးနွေးပွဲကိုကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုကို အုပ်ချုပ်ရေးစစ်ကြောင်းအဖွဲ့ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ရဲ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ကျော်ဇင်သန့်၊ မြို့နယ်လဝကဦးစီးမှူး ဦးမောင်မောင်သန့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဌေးမောင်၊ ခရမ်းမြို့နယ်ရဲတပ်ဖွဲ့ဒုရဲမှူးဝင်းလွင်တို့ပါဝင်သည့် အဖွဲ့မှကွင်းဆင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများအား တွေ့ဆုံဆွေးနွေး၍ ပြည်သူ့လိုလားချက်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကွင်းဆင်းတွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့အား အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများအားရှင်းလင်းပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်ဇင်သန့်က ပြည်သူ့စစ်နှင့်ရပ်/ကျေးပြည်သူ့ လုံခြုံရေးအဖွဲ့များနှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာကိစ္စများကို လည်းကောင်း၊ ခရမ်းမြို့မရဲစခမ်းမှူးဒုရဲမှူးဝင်းလွင်က ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူပူးပေါင်းပါဝင်သည့် ရပ်ရွာလုံခြုံဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ၎င်းနောက်ခရမ်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးမောင်မောင်သန့်က လူဦးရေစာရင်းမှန်ကန်ရေး ပြည်သူအားလုံးနိုင်ငံသားစိစစ်ရေးကတ်နှင့်မိသားစုသန်းခေါင်စာရင်း ၆၆/၆ ရရှိရေးဆောင်ရွက်ပေးမည့်အခြေအနေများကို၎င်း မြို့နယ်စိုက်ပျိုးရေးဌာနမြို့နယ်ဦးစီးမှူး ဦးဌေးမောင်က မိုးစပါးစိုက်ပျိုးမှု ပဲတီစိမ်းစိုက်ပျိုးရေးနှင့် ယူရီးယားဓါတ်မြေဩဇာဖြန့်ဖြူးရောင်းချပေးမှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများကိုယ်စား ဒေသခံပြည်သူ(၂)ဦးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုမင်း ( ခရမ်း )