ပူတာအိုမြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲကျင်းပ

ပူတာအို အောက်တိုဘာ  ၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ပူတာအိုမြို့)၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၃) သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အဆိုပါ အိမ်တွင်းမှုသင်တန်းကျောင်းခန်းမ၌ ကျင်းပ သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးက ပူတာအိုမြို့အိမ်တွင်းမှု သင်တန်း ကျောင်းမှ သင်တန်းဆင်းအောင်မြင်သူပေါင်း (၁၉၉၇)ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ သင်တန်းသူ များအနေဖြင့် သင်တန်းကာလ (၂၂)ပတ်အချိန်အတွင်း သင်ကြားပေးခဲ့သော အတတ်ပညာများကို မိမိကိုယ်စွမ်း၊ ဉာဏ်စွမ်းတို့ ဖြင့် ပေါင်းစပ်ပြီး လက်တွေ့နယ်ပယ်တွင် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ကြရန် မှာကြားလိုပါ ကြောင်း၊ သင်တန်း၏ ရည်ရွယ်ချက်များအတိုင်း စာရိတ္တမြင့်မားပြီး တိုင်းချစ်၊ ပြည်ချစ်၊ အမျိုးချစ်စိတ်အစဉ် ရှင်သန် ထက်မြက်နေသည့် မိမိကိုယ်ကိုမိမိ အားကိုးယုံကြည်မှုပြည့်ဝသည့် အမျိုးကောင်း သမီးငယ်များဖြစ် လာကြ မယ်လို့ ယုံကြည်ပါကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ပူတာအိုမြို့ အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးရီက သင်တန်းနှင့် ပတ်သက်သည်များ ရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများက သင်တန်းတွင် ပထမဆု၊ ဒုတိယဆု၊ ထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် သင်တန်းသူများကိုယ်စား သင်တန်းသူ မစွဲ့ဖြူဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တက်ရောက်လာသူများက သင်တန်းသူများ၏ လက်ရာများပြသထားရှိမှုများကို လှည့်လည် ကြည့်ရှုအားပေးကြသည်။

အဆိုပါသင်တန်း အဆင့်မြင့်စက်ချုပ်ပညာရပ်တွင် အထည်(၂၂)မျိုး သင်ကြားပေးခဲ့သည့်အပြင် မုန့်လုပ် နည်း၊ ဟင်းချက်နည်းများကို အခမဲ့သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလမှာ မေ(၉)ရက်မှ အောက်တိုဘာလ (၇)ရက်နေ့အထိ ရက်သတ္တပတ်(၂၂)ပတ်ကြာ သင်တန်းသူစုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)