လှည်းကူးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အဘိဓမ္မာ အခါတော်နေ့အကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်

လှည်းကူး အောက်တိုဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေး ဆရာအသင်းတို့ပူးပေါင်း၍ အဘိဓမ္မာအခါတော်နေ့အကြောင်း သိကောင်းစရာ အသိပညာပေး  Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၁)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးနွဲ့က အများပြည်သူအဘိဓမ္မာအခါတော်အကြောင်း အသိပညာဗဟုသုတ ရရှိရန်ရည်ရွယ်၍ Talk Show ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်မင်းညွှန့်က သီတင်းကျွတ်လပြည့်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သူများသည် အဘိဓမ္မာအခါတော်နေ့ဟူ၍လည်းခေါ်ဆိုကြသလို မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်သည် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူ၍ အဘိဓမ္မာတရားတော် ကိုဟောကြားပြီး လူ့ပြည်သို့ပြန်လည်ဆင်းသက်ကြွချီ တော်မူရာမင်းနှင့် တကွလူပရိတ်သတ် အပေါင်းတို့က ဆီမီးနံ့သာများဖြင့် ထွန်းညှိပူဇော်ကြပြီး သီတင်းကျွတ်လပြည့်နေ့၌မိဘ၊ ဆရာသမားများအား ပူဇော်ကန်တော့ကြခြင်းသည် မြန်မာ့ရိုးရာ အစဉ်အလာဓလေ့ တစ်ခုဖြစ်ကြောင်းစသည့် သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့အကြောင်း သိကောင်းစရာများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)