လှည်းကူး အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ရှမ်းတဲအထက်ကျေးရွာအုပ်စုတွင် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက်(၁၁)နာရီက စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဒေသနေပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန် ရောင်းချနေမှုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုများဖြင့် လှည်းကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေအောင်နှင့်အဖွဲ့ဝင်များဦးဆောင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအထောက်အကူပြုရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ဒေသခံပြည်သူများမည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင်လည်း ဆန်တစ်ပြည်လျှင်ငွေကျပ်(၁၇၀၀)နှုန်းဖြင့် ဆန်(၁၀)အိတ်၊ ဆီတစ်ပိဿာလျှင်ငွေကျပ်(၄၇၅ဝ)နှုန်းဖြင့် ဆီပိဿာ(၁၁၀)နှင့် ကြက်ဥတစ်လုံးလျှင်ငွေကျပ်(၁၇၅)ဖြင့် ကြက်ဥအလုံး(၁၀ဝဝ)ကိုရောင်းချပေးလျက်ရှိပြီး ကျန်ရှိနေသောကျေးရွာအုပ်စုများကိုလည်း အလှည့်ကျဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)