ဒေါပုံမြို့နယ်တွင် မီးရှူး၊ မီးပန်းနှင့် ဗျောက်အိုး (ရှူးဒိုင်း) များအား ရောင်းချခြင်းနှင့် ဝယ်ယူသုံးစွဲခြင်း မပြုစေရေး စစ်ဆေးဆောင်ရွက်

ရန်ကုန်       အောက်တိုဘာ    ၇

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ မြို့သစ်ရပ်ကွက်စျေးအတွင်းနှင့် ရပ်ကွက်များအတွင်းရှိ စျေးဆိုင်များနှင့် စတိုးဆိုင်များတွင် မီးရှူး၊ မီးပန်းနှင့် ဗျောက်အိုး (ရှူးဒိုင်း)များ ရောင်းချခြင်းနှင့် ဝယ်ယူခြင်းများ မရှိစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒေါပုံမြို့နယ်တွင် သီတင်းကျွတ်ကာလအတွင်း၌ ပြည်သူများ အထိတ်တလန့်မဖြစ်စေဘဲ ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် မီးရှူး၊ မီးပန်းနှင့် ဗျောက်အိုး(ရှူးဒိုင်း)များအား ရောင်းချခြင်းနှင့် ဝယ်ယူခြင်းများကို တားမြစ်ထားသည့် ဒေသန္တရအမိန့်ကြေညာစာနှင့် ပတ်သက်၍ ထပ်ဆင့်နှိုးဆော်ပေးခြင်းနှင့် စျေးများ၊ စတိုးဆိုင်များနှင့် အိမ်ဆိုင်များတွင် ရောင်းချမှုများမရှိစေရေးနှင့် ဝယ်ယူသုံစွဲမှုမရှိစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)