နေပြည်တော် အောက်တိုဘာ ၇
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဉပဒေနှင့်အညီ လုပ်ငန်းခွင်ပြင်ပ မတော်တဆထိခိုက်ဒဏ်ရာရ၍ သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်များနှင့် လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရမှုအတွက် အမြဲတမ်းမသန်စွမ်းမှု ငွေလုံးငွေရင်းထုတ်ပေးခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်လူမှုဖူလုံရေးရုံး၌ ကျင်းပသည်။ အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေလူမှုဖူလုံရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဦးက ၂၀ ၁၂ ခုနှစ်၊ လူမှုဖူလုံရေးဉပဒေပါ အကျိုးခံစားခွင့်များအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဦးက လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော လုပ်ငန်းခွင်ပြင်ပတွင် မတော်တဆ ထိခိုက်ဒဏ်ရာရရှိ၍ သေဆုံးသူ(၃)ဦးအတွက် ကျန်ရစ်သူ အကျိုး ခံစားခွင့် ခွင့်ပြုငွေကျပ် (၁၉၁၄၀၀၀၀)နှင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် တစ်ဦးအတွက် ငွေကျပ် (၉၅၂၅၆၀)တို့ကို သက်ဆိုင်ရာ မိသားစုဝင်များနှင့် ထိခိုက်သူအာမခံအလုပ်သမားအား ပေးအပ်သည်။ ယင်းနောက် ကျန်ရစ်သူအကျိုးခံစားခွင့်ရရှိသူများကိုယ်စား မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ညွှန်ကြားရေးမှူးဉီးစိုးမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထား သော မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အာမခံအလုပ်သမား ဦးချမ်းမြေဦး၏ ချောက်မြို့တွင် တာဝန်ထမ်းဆောင်စဉ် လုပ်ငန်းခွင်သို့အလာ မိုလာချောင်းရေကျော်၌ ရေစီးနှင့်အတူမျောပါ၍ သေဆုံးခဲ့မှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုငွေကျပ်(၆၄၈၀၀၀၀)ကိုလည်းကောင်း၊ မြန်မာ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ အာမခံအလုပ်သမား ဦးမင်းပြည့်စုံ၏ လုပ်ငန်းခွင်အတွင်း မတော်တဆ သေနတ်ထိမှန်၍ သေဆုံးခဲ့မှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုငွေကျပ် (၃၉၆၀၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော First Energy Services Co;Ltd မှ အာမခံအလုပ်သမား ဦးရန်နောင်စိုး၏ လုပ်ငန်းခွင်မှအပြန် ဆိုင်ကယ်မတော်တဆမှုကြောင့် ထိခိုက်သေဆုံးခဲ့မှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ခွင့်ပြုငွေကျပ် (၈၇၀၀၀၀၀)ကိုလည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့မီးရထားစက်ခေါင်းစက်ရုံမှ အာမခံအလုပ်သမား ဦးအေးဝင်း၏ လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်၍ ညာဘက်လက် ပျက်စီးမှုအတွက် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်းခွင့်ပြုငွေကျပ် (၉၅၂၅၆၀)ကို သက်ဆိုင်ရာမိသားစုဝင်များနှင့် ထိခိုက်သူ အာမခံ အလုပ်သမားအား ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)