တာမွေမြို့နယ်တွင် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေး

တာမွေ     အောက်တိုဘာ       ၇

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား ၎င်းတို့နေထိုင်ရာ ရပ်ကွက်များအတွင်း စျေးနှုန်းသက်သာစွာ ဝယ်ယူရရှိ စားသုံးနိုင်စေရေးအတွက်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ်ရှိ ဗျိုင်းရေအိုးစင်(ရွာမ)ရပ်ကွက်လုံးဆိုင်ရာ “ဧ”ဓမ္မာရုံ၌ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ(Mobile Market)ဖွင့်လှစ်၍ စျေးနှုန်းချိုသာစွာဖြင့် စားသုံးသူများ လက်ဝယ်အရောက် လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့တာမွေမြို့နယ်အတွင်းရှိ အိမ်ထောင်စုများအား (Mobile Market)ဖွင့်လှစ်၍ သက်သာသော စျေးနှုန်းများဖြင့် ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများအား ရောင်းချပေးရာတွင် ဆန်ချောတစ်ပြည်လျှင်  ငွေကျပ်(၁၇၀၀/-) နှုန်းဖြင့် ဆန်ပြည်ပေါင်း(၂၄၀)၊ ဆီတစ်ပိဿာလျှင် ငွေကျပ် (၄၇၅၀/-) နှုန်းဖြင့် ဆီပိဿာချိန်(၁၁၀)နှင့် ကြက်ဥတစ်လုံးလျှင် ငွေကျပ် (၁၇၅/-)နှုန်းဖြင့် ကြက်ဥအလုံးပေါင်း(၁၀၀၀)အား ဒေသခံပြည်သူများကို အသီးသီးရောင်းချပေးခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများ တစ်ခဲနက်လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။

ပြင်ပစျေးကွက်၌ ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်း စျေးနှုန်းများ မြင့်တက်နေမှုကြောင့် အခြေခံလူတန်းစားများ၏ စားဝတ်နေရေးကိစ္စတွင် အခက်အခဲများစွာ ဖြစ်ပေါ်နေသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် ( Mobile Market ) ဖွင့်လှစ်၍ ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများကို စျေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းဖြစ်ကြောင်း  တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

နိုင်လင်းအောင်(တာမွေ)