ကွမ်းခြံကုန်းမြို့နယ်၌ နေကြာစိုက်ပျိုးမည့်တောင်သူများအား နေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကွမ်းခြံကုန်း  အောက်တိုဘာ  ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် နေကြာစိုက်ပျိုးမည့်တောင်သူများအား နေကြာမျိုးစေ့ပေးပွဲအခမ်းအနားကို ယမန်နေ့ကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားတွင် တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထင်ကျော်က နေကြာစိုက်ပျိုးမှုနှင့်ပတ်သက်၍ စီမံကိန်းလျာထားဧကရာနှုန်းပြည့် စိုက်ပျိုးသွားရန်လမ်းညွှန်အမှာစကားပြောကြားခြင်း၊ တွံတေးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနခရိုင်ဦးစီးမှူးဦးခင်မောင်ဦးက နေကြာစိုက်ပျိုးရေးလုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ ကွမ်းခြံကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ထွန်းက စီမံကိန်းနေကြာစိုက်ပျိုးရေးလုပ်ငန်းများနှင့် နေကြာဧကရာနှုန်းပြည့်စိုက်ပျိုးရန်အတွက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းပြောကြားခြင်းနှင့် ကွမ်းခြံကုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်စိုက်ပျိုးရေးတာဝန်ခံဦးကြည်စိန်က နေကြာဧကရာနှုန်းပြည့်စိုက်ပျိုးရန်အတွက် လုပ်ငန်းဆောင်ရွက်မှုနှင့် မျိုးစေ့စုဆောင်ထားရှိမှုအခြအနေတို့အား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ပြီးတာဝန်ရှိသူများက နေကြာစိုက်ပျိုးမည့်တောင်သူများထံသို့ နေကြာစိုက်ပျိုးရေးတိုက်နယ်အလိုက် ကြီးကြပ်မှုတာဝန်ခံများမှတစ်ဆင့် နေကြာမျိုးစေ့များအား တောင်သူလက်ဝယ်အရောက် ဆက်လက်ပေးအပ်နိုင်ရေးအတွက် ဖြန့်ဝေးပေးခဲ့ကြောင်းသိရသည်။

ထို့နောက်တွံတေးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထင်ကျော်နှင့်အဖွဲ့ဝင်များသည် ကွမ်းခြံကုန်းမြို့နယ်၊ တော်ပုလွဲရပ်ကွက်ရှိ တော်ပုလွဲသောက်ရေကန်သို့သွားရောက်၍ မြို့နယ်ရေပေးဝေမှုအခြေအနေနှင့် ရေကန်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအား ကြည့်ရှု၍လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရှိရသည်။

ဆွေနွယ်(ပြန်/ဆက်)