မိုင်းခုတ်မြို့၌ စာဖတ်ဝိုင်းကျင်းပ

မိုင်းခုတ် အောက်တိုဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) နှင့် လူငယ်အသင်း(Youth Club)တို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ ပီတိ(ပေကြီး) ရေးသားသည့် ''ပြည်သူတွေကိုသိစေချင်တဲ့ ပြည်သူ့နီတိအခြေခံသိစရာများ''စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက ပြည်သူ့နီတိ ဆိုသည်မှာ ပြည်သူတိုင်း လိုက်နာဆောင်ရွက်ရမည့် အရာသာဖြစ်ကြောင်း၊ ဘာသာတစ်ခု၊ လူမျိုးတစ်မျိုး တည်းအတွက်မဟုတ်ဘဲ နိုင်ငံသားတိုင်း လိုက်နာလက်ခံနိုင်တဲ့ ကျင့်ဝတ်၊ စည်းကမ်း၊ တာဝန်၊ ဝတ္တရားများသာဖြစ်ကြောင်း၊ ပြည်သူ့နီတိ၏ သဘောသဘာဝသည် အခြေခံလူ့ယဉ်ကျေးမှုများဖြစ်သည့် စာရိတ္တ၊ ဓလေ့ထုံးတမ်း၊ ရိုးရာယဉ်ကျေးမှုများကို ကောင်းစွာလိုက်နာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းသာဖြစ်ကြောင်း၊ ယခုစာဖတ်ဝိုင်းကျင်းပပြုလုပ်သည့် စာအုပ်သည် ပြည်သူ့နီတိ၏ အခြေခံသဘော တရားများကို ကလေး၊ လူငယ်၊ လူကြီးမရွေး ဖတ်မှတ်လေ့လာနိုင်သည့် စာအုပ်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် လူငယ်အသင်း (Youth Club) အဖွဲ့ဝင်များက စာအုပ်ပါကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး သူ့အမြင်၊ ကိုယ်အမြင်များ ဖလှယ်ခဲ့ကြကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)