မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ် စာစောင်ပြပွဲကျင်းပ

မိုင်းခုတ် အောက်တိုဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများ အသိဉာဏ်ပညာတိုးပွားရရှိစေရန်  အသိပညာပြန့်ပွားရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက စာဖတ်ရှိန် မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ် စာစောင်ပြပွဲ ကျင်းပရခြင်းနှင့် ပတ်သတ်၍ ပြည်သူအများ အသိပညာဗဟုသုတတိုးပွားရရှိစေရန်၊  စာဖတ်သည့်အလေ့အထဖြစ်ပေါ်စေရန်နှင့် အမှားနှင့်အမှန် ဝေဖန်ပိုင်းခြား တတ်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါး သုံးစွဲမိခြင်း၏ အကြောင်းအရင်းများ၊ ဆိုးကျိုးအန္တရာယ်များနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)